တောင်တွင်းကြီးမြို့နယ်၌ စားသုံးရန်မသင့်သည့် စားသောက်ကုန်အမှတ်တံဆိပ်(၂)မျိုး ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

တောင်တွင်းကြီး စက်တင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ကုန် ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အဆင်ပြေစေရန်နှင့် FDA နေပြည်တော်မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်အမှတ်တံဆိပ် (၂) မျိုးအား ရောင်းချမှုမရှိစေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က တောင်တွင်းကြီးမြို့မဈေးကြီးအတွင်းရှိ စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များကို ယနေ့နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းစစ်ဆေးရေး အဖွဲ့က တောင်တွင်းကြီးမြို့ မြို့မစည်ပင်သာယာဈေးနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ဖွင့်လှစ် ရောင်းချလျက်ရှိသည့် ကုန်စုံဆိုင်များအား သွားရောက်ကာ စားသောက်ကုန်ပစ္စည်းများ ရောင်းချရာ၌ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ / မရှိ ၊ FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ ၊ သက်တမ်းလွန်နေသော ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ တို့ကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထို့နောက် တာဝန်ရှိသူများအဖွဲ့က စားသောက်ကုန်လုပ်ငန်းရှင်များအား မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူရာတွင် အခက်အခဲ မဖြစ်စေရေးအတွက် သတ်မှတ်ကာလပေါက်ဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် ရောင်းချခြင်းမပြုရန် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချမှုအား စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)