ပဲခူး စက်တင်ဘာ ၂၉
၂၀၂၂ ခုနှစ်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၈) မြို့နယ် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန့်နေညနေပိုင်း က ပဲခူးခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အားကစားဝါသနာရှင် ပရိတ်သတ်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ၂၀၂၂ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက် (၁၈) နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ နောက်ဆုံးနေ့အဖြစ် အမျိုးသားမီတာ (၁၀၀)ပြိုင်ပွဲ၊ အမျိုးသမီး မီတာ(၁၀၀)ပြိုင်ပွဲ၊ အမျိုးသား မီတာ (၄၀၀) လက်ဆင့်ကမ်းပြိုင်ပွဲနှင့် အမျိုးသမီးမီတာ (၄၀၀)လက်ဆင့်ကမ်းပြိုင်ပွဲများအား ယှဉ်ပြိုင် ခဲ့ကြောင်း သိရသည်။
ထို့နောက် ၂၀၂၂ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၁၈) နှစ်အောက် မြို့နယ်ပေါင်းစုံအမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသမီး မီတာ(၁၀၀)အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသော ကြို့ပင်ကောက်မြို့နယ်မှ မချစ်ခွန်းချိုအား ဆုဆွဲပြားနှင့် ငွေသားဆု (၅)သောင်းကျပ်၊ ဒုတိယဆုရရှိသော ပဲခူးမြို့နယ်မှ မခင်မီမီဇော်အား ဆုဆွဲပြားနှင့် ငွေသားဆု (၄)သောင်းကျပ်၊ တတိယဆုရရှိသော ဝေါမြို့နယ်မှ မသင်းစန္ဒာအား ဆုဆွဲပြားနှင့် ငွေသားဆု (၃)သောင်းကျပ် တို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးမောင်ကြည်က လည်းကောင်း၊ အမျိုးသား မီတာ(၁၀၀)အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသော သဲကုန်းမြို့နယ်မှ မောင်ဇင်လတ်အား ဆုဆွဲပြားနှင့် ငွေသားဆု (၅)သောင်းကျပ်၊ ဒုတိယဆုရရှိသော ဖြူးမြို့နယ်မှ မောင်အောင်သက်ခိုင်အား ဆုဆွဲပြားနှင့် ငွေသားဆု (၄)သောင်းကျပ်၊ တတိယဆုရရှိသော ဖြူးမြို့နယ်မှ မောင်သူရအောင်အား ဆုဆွဲပြားနှင့် ငွေသားဆု (၃)သောင်းကျပ်တို့အား ဥပဒေချုပ် ဦးခင်မောင်တင့်က လည်းကောင်း၊ အမျိုးသမီး မီတာ(၄၀၀)လက်ဆင့်ကမ်းပြိုင်ပွဲတွင် တတိယဆုရရှိသော ရွှေတောင်မြို့နယ်အသင်းအား တစ်ဦးချင်းဆု ဆွဲပြားနှင့် ငွေသားဆု (၅)သောင်းကျပ်၊ ဒုတိယဆုရရှိသော ဖြူးမြို့နယ်အသင်းအား တစ်ဦးချင်းဆုဆွဲပြားနှင့် ငွေသားဆု (၇)သောင်းကျပ်၊ ပထမဆုရရှိသော ဒိုက်ဦးမြို့နယ် အသင်းအား တစ်ဦးချင်းဆုဆွဲပြားနှင့် ငွေသားဆု(၁)သိန်းကျပ်တို့အား တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင် က လည်းကောင်း၊ အမျိုးသားမီတာ (၄၀၀) လက်ဆင့်ကမ်းပြိုင်ပွဲတွင် တတိယဆုရရှိသော သဲကုန်းမြို့နယ်အသင်းအား တစ်ဦးချင်းဆုဆွဲပြားနှင့် ငွေသားဆု (၅)သောင်းကျပ်၊ ဒုတိယဆုရရှိသော ပြည်မြို့နယ်အသင်းအား တစ်ဦးချင်းဆုဆွဲပြားနှင့် ငွေသားဆု (၇)သောင်းကျပ်၊ ပထမဆုရရှိသော ဖြူးမြို့နယ်အသင်းအား တစ်ဦးချင်း ဆုဆွဲပြားနှင့် ငွေသားဆု (၁)သိန်းကျပ်တို့အား လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွဋ် က လည်းကောင်း၊ အမျိုးသမီးတံခွန်စိုက်တတိယဆုရရှိသော ဒိုက်ဦး မြို့နယ်အသင်းအား ငွေသားဆု (၃)သိန်းကျပ်၊ အမျိုးသမီးတံခွန်စိုက် ဒုတိယဆုရရှိသော ရွှေတောင်မြို့နယ်အသင်းအား ငွေသားဆု (၅)သိန်းကျပ်တို့အား သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းက လည်းကောင်း၊ အမျိုးသမီးတံခွန်စိုက် ပထမဆုရရှိသော ဖြူးမြို့နယ်အသင်းအား ပထမတံခွန်စိုက်ဆုဖလားနှင့် ငွေသားဆု (၇)သိန်းကျပ်နှင့် အမျိုးသားတံခွန်စိုက် တတိယဆုရရှိသော သဲကုန်းမြို့နယ်အသင်းအား ငွေသားဆု (၃)သိန်းကျပ်တို့အား စီးပွားရေးရာဝန်ကြီး ဦးတင်ဦး ကလည်းကောင်း၊ အမျိုးသားတံခွန်စိုက် ဒုတိယဆုရရှိသော ပြည်မြို့နယ်အသင်းအား ငွေသားဆု (၅)သိန်းကျပ်ကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက် က လည်းကောင်း၊ အမျိုးသားပထမတံခွန်စိုက် ဆုရရှိသော ဖြူးမြို့နယ်အသင်းအား ပထမတံခွန်စိုက်ဆုဖလားနှင့် ငွေသားဆု(၇)သိန်း ကျပ်အား တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော် က လည်းကောင်း၊ အမျိုးသား/အမျိုးသမီး စုပေါင်းတံခွန်စိုက်ဆုရရှိသော ဖြူးမြို့နယ်အသင်းအား စုပေါင်းတံခွန်စိုက် ဆုဖလားနှင့်ငွေသားဆု (၁၀)သိန်းကျပ်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ၂၀၂၂ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက် (၁၈) နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူတစ်ရပ်လုံး အားကစားကိုစိတ်ပါဝင်စားလာစေရန်နှင့် လူငယ် လူရွယ်များ အားကစားကို ပိုမိုစိတ်ဝင်စားလာပြီး မိမိတို့ပတ်ဝန်းကျင်တွင် ကျယ်ကျယ် ပြန့်ပြန့်ကစားရာမှ တိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားများ ပေါ်ထွက်လာစေရန် ကျင်းပပေးခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)