ဝေါမြို့နယ်၌ မိုးယွန်းကြီး အင်းဘေးမဲ့သစ်တောကြိုးဝိုင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ပွဲ ကျင်းပ

ဝေါ  စက်တင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ငါးသယံဇာတများ ရေရှည်တည်တံ့စေရန်နှင့် ကျေးလက်နေပြည်သူများ ငါးရိက္ခာပိုမိုစားသုံးနိုင်စေရန်ရည်ရွယ်၍ မိုးယွန်ကြီးအင်းဘေးမဲ့သစ်တောကြိုးဝိုင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက်(၉) နာရီက ဝေါမြို့နယ်၊ အင်းတိုင်စုကျေးရွာအုပ်စု၊ ပြွန်စုကျေးရွာ ဇွဲဘတ်ရေလွှဲပေါက်၌  ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ငါးမျိုးစိုက်ထည့်ရခြင်းနှင့်ပတ်သတ်၍ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မျိုးနိုင်က ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသီဟထွန်းနှင့် တာဝန်ရှိသူများက ငါးမျိုးအိတ်များအား တက်ရောက်လာသူများထံ လွှဲပြောင်းပေးအပ်သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်မျိုးနိုင်နှင့်ဝန်ထမ်းများ၊ ပဲခူးငါးသားပေါက်စခန်းမှ တာဝန်ခံဦးသူရမိုးအောင်နှင့် မြို့နယ်ငါးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များက မိုးယွန်းကြီးအင်းဘေးမဲ့သစ်တောကြိုးဝိုင်းအတွင်း ငါးမြစ်ချင်းကောင်ရေ ၃၀၀၀၀၀ တို့ကို ငါးမျိုးစိုက်ထည့်ကြကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန် /ဆက်)