ပေါက်မြို့နယ်တွင် ကိုဗစ် - ၁၉ စီးပွားရေး ကုစားမှုအစီအစဉ် (CERP)ဖြင့် ဒုတိယအကြိမ် မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်

ပေါက် စက်တင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးတောင်သူများ အခက်အခဲမရှိ အဆင်ပြေစွာစိုက်ပျိုးသွားနိုင်ရေးအတွက် နိုင်ငံတော်က ကိုဗစ် - ၁၉ စီးပွားရေး ကုစားမှုအစီအစဉ်(CERP)ဖြင့် ဒုတိယအကြိမ်ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းကို က နိုင်ငံတော်မှ ကိုဗစ် - ၁၉ စီးပွားရေး ကုစားမှုအစီအစဉ်(CERP)ဖြင့် ထောက်ပံ့ငွေ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် လိုက်နာရမည့် စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များ၊ သီးနှံများစိုက်ပျိုးရာတွင် အထွက် နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရန်နှင့် စိုက်ပျိုးရေ အလေအလွင့် နည်းပါးစေရေး အကျိုးရှိစွာ စနစ်တကျ သုံးစွဲသွားရန် တို့ကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းဝင်း၊ မြို့နယ်ဦးစီးမှူး ဦးဝင်းကိုနှင့် တာဝန်ရှိသူများက နိုင်ငံတော်မှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်(CERP)ဖြင့် မျိုးကွဲနုတ်ပယ်ခြင်းနှင့် မျိုးစေ့သန့်စင်ခြင်း အတွက် တစ်ဧက ၆၅၀၀၀ ကျပ်နှုန်းဖြင့်  ကျေးရွာအုပ်စု ၂၄ အုပ်စု တို့မှ တောင်သူ(၂၃၁)ဦး၏ မိုးစပါး မျိုးစေ့ ထုတ်စိုက်ကွက် ၃၄၆ ဧက အတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၂၂၄၉၀၀၀၀/- ကို ကျေးရွာအစု အဖွဲ့ ခေါင်းဆောင် တောင်သူတစ်ဦးချင်းစီ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဉာဏ်တိုး(ပေါက်)