စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကင်းဝေးစေရေး အသိပညာပေး ဆွေးနွေးဟောပြော ခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း ပညာပေးသရုပ်ပြသ

ပွင့်ဖြူ စက်တင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက် ရှိသော စက်သုံးဆီ အရောင်းဆိုင်များ မီးဘေးလုံခြုံစေရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ရောင်းချနိုင်ရေးအတွက် ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက Green Leaf စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်ပြီး မီးဘေးလုံခြုံရေး အသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် လက်တွေ့မီးငြိှမ်း သတ်နည်း ပညာပေးသရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ပွင့်ဖြူမြို့အဝင်ရှိ Green Leaf စက်သုံးဆီအရောင်းဆိုင်မှ တာဝန်ခံနှင့် အဝန်ထမ်းများကိုတွေ့ဆုံကာ စက်သုံးဆီများရောင်းချခြင်းနှင့် စက်သုံးဆီတင်ယာဉ်များမှတစ်ဆင့် ဆီသိုလှောင်ကန်များအတွင်း ဆီသိုလှောင်သိမ်းဆည်းခြင်းများ ပြုလုပ်ရာ၌ မီးဘေးအန္တရာယ်ကင်းဝေးစေရေး အထူးသတိပြု၍ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ကြရန်၊ မီးဘေးကြိုတင် ကာကွယ်ရေးပစ္စည်းများ အသင့်စီစဉ်ထားရှိရန်၊ ရေလှောင်ကန်များတွင် ရေအပြည့် ဖြည့်တင်းထားရှိရန်၊ မီးလောင် စေသော လောင်စာများကို စနစ်တကျ သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ထားရှိရန်နှင့် သတ်မှတ်လိုင်စင် စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ရောင်းချသွားရန် စသည့်မီးဘေးလုံခြုံရေးဆိုင်ရာ အချက်များကို အသိပညာပေးဆွေးနွေး ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက စက်သုံးဆီဆိုင်အတွင်း မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ထားရှိသော မီးငြှိမ်းသတ်ရေး ပစ္စည်းများ ပြည့်စုံကောင်းမွန်ခြင်း ရှိ / မရှိ၊ မီးလောင်လွယ်စေသော လောင်စာများ ရှိ/ မရှိ၊ ဆိုင်ပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်ထားခြင်း ရှိ/မရှိ ၊ စက်သုံးဆီဆိုင်တွင် တပ်ဆင်ထားရှိသော လျှပ်စစ်မီး လိုင်းများ ကြံ့ခိုင်ကောင်းမွန်ခြင်း ရှိ / မရှိ တို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး စက်သုံးဆီအရောင်းဝန်ထမ်းများကို လက်တွေ့မီးငြှိမ်းသတ်နည်း အား ပညာပေးသရုပ်ပြသဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)