သဲကုန်းမြို့နယ်၌  ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရန် နှာခေါင်းစည်းတပ်ဆင်ရေးနှင့်  ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေးလုပ်ငန်းများဆောင်ရွက်

သဲကုန်း စက်တင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါအိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့်  မြို့နယ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးကွင်းဆင်းပူးပေါင်းစစ်ဆေးရေး အဖွဲ့ဝင်တို့မှ   ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပညာပေးလုပ်ငန်းများကို  သဲကုန်းမြို့နယ်၊ ဇီးကုန်းအုပ်စု ရွာထောင်ကုန်းကျေးရွာထိပ် သဲကုန်း -ပေါင်းတလည် ကားလမ်း၌ ယနေ့နံနက်က ဆောင်ရွက်ခဲ့သည်။ 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက လမ်းသွားလမ်းလာပြည်သူများ၊  ခရီးသွားပြည်သူများကို နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေပေး၍ တပ်ဆင်စေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့ပြင်မြို့နယ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေး ကွင်းဆင်းပူးပေါင်းစစ်ဆေးရေး အဖွဲ့ဝင်တို့မှ ခရီးသွားပြည်သူများအားလုပ်ငန်း လိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ မော်တော်ယာဉ်/ ဆိုင်ကယ်လိုင်စင်ရှိ/ မရှိစစ်ဆေးခြင်း ဆိုင်ကယ်စီးသူများအနေဖြင့် ဆိုင်ကယ်စီးဦးထုပ်ဆောင်းကြရန်နှင့် ဆိုင်ကယ်တွင်ပါရှိရမည့် အချက်အလက်များ ပြည့်စုံစွာတပ်ဆင်ထားရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်၊ပြန်/ဆက်