လက်ပံတန်း စက်တင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက အထက(၁)၊ အထက(၂)နှင့် အထက(၃)ကျောင်းတို့၌ ရောင်းချလျက်ရှိသည့် မုန့်မျိုးစုံနှင့် စားသောက်ကုန်ပစ္စည်းများအား ကျန်းမာရေးနှင့််ညီညွတ်မှုရှိ/မရှိ၊ ထုတ်လုပ်မှုရက်လွန်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် လူသုံးကုန်ပစ္စည်းများ၌ မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်က ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဖော်ပြထားရှိမှု ရှိ/မရှိ၊ ထုတ်လုပ်သည့်ရက်စွဲနှင့် ကုန်းဆုံးသည့်ရက်စွဲများပါရှိခြင်းရှိ/မရှိ စစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီး စားသောက်ကုန် အမျိုးမျိုးအပြင် အခြားကုန်စည်များ ရောင်းချရာတွင် ပြဌာန်းထားသည့် စည်းကမ်းချက်များနှင့်အညီ ကုန်အညွှန်းအမှတ်သားများပြည့်စုံစွာ ဖော်ပြရောင်းချနိုင်စေရန်၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ပါးစပ်နှင့်နှားခေါင်းစည်းများ စနစ်တကျတပ်ဆင်ခြင်း၊ လက်အိတ်နှင့်ခေါင်းစည်းများတပ်ဆင်ခြင်း၊ ယင်နားစာများမဖြစ်စေရေး အစားအစာများကို သန့်ရှင်းသော အုပ်ဆောင်းဖျင်စများဖြင့် ရောင်းချရေး အသိပညာပေးပြောကြားခဲ့ပြီး စနစ်တကျလိုက်နာ ဆောင်ရွက်မှုမရှိပါက ဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)