ကြံခင်းမြို့တွင် ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေး

ကြံခင်း စက်တင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊  ကြံခင်းမြို့နယ်တွင်  ကမ္ဘာ့ခွေးရူးရောဂါကာကွယ် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို  မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မှ ယမန်နေ့ နံနက်ပိုင်းက  ရွာသစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ထိုးနှံပေးကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းကို ဦးဆောင်သော ဝန်ထမ်းများက ခွေးရူးရောဂါနှင့် ပတ်သက်၍ ခွေး၊ ကြောင်များမှ ကူးစက်နိုင် သော ရောဂါများမှ ကာကွယ်နိုင်ရေး၊ မွေးပြီးခွေး ကလေးများ အသက် (၁) လမှစတင်၍ ကာကွယ်ဆေး ထိုးနှံနိုင်ရေး၊ ခွေးရူးပြန်ရောဂါဖြစ်ပွားပါက အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်ပြီး ခွေး၊ ကြောင်များအား အသိရှိရှိနှင့် ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် မိမိနှင့် မိသားစုကိုသာမက လူ့အဖွဲ့အစည်း တစ်ခုလုံးကို ခွေးရူး ရောဂါမှကာကွယ်နိုင်ရေးအတွက်  ခွေးကောင်ရေ (၄၀)ကောင်အား ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့ပေါ် (၃)ရပ်ကွက်တွင် ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူများက အဖွဲ့များခွဲပြီး ရပ်ကွက်နေအိမ်များရှိ ခွေးကောင်ရေ(၆၀)ကောင်အား အခမဲ့ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)