လှိုင်းဘွဲမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲ ကလေးငယ်များအား ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ပုံမှန်ကာကွယ်ဆေးထိုးနှံ

လှိုင်းဘွဲ စက်တင်ဘာ ၂၉

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များအနေဖြင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်၊ ကျန်းမာသန်စွမ်းစေရန်နှင့် လိုအပ်သောအာဟာရများကို ရရှိစေရန်အတွက် မွေးကင်းစမှ အသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးခဲ့ ကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများက လှိုင်းဘွဲမြို့နယ်အတွင်းရှိ မွေးကင်းစမှအသက်(၁)နှစ်ခွဲ ကလေးငယ်များအား ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါဘီရောဂါနှင့် ဦးနှောက်အမြှေးရောင်ရောဂါ၊ ပိုလိုယိုရောဂါများကို ကာကွယ်နိုင်ရန်အတွက် လအလိုက်ထိုးနှံရမည့် ကာကွယ်ဆေးများကို ထိုးနှံခြင်း/ တိုက်ကျွေးခြင်း၊ ကလေးငယ်များအနေဖြင့် အာဟာရရှိရေးအတွက် မိခင်များအနေဖြင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

စောဒိ (ပြန်/ဆက်)