ပခုက္ကူမြို့၊ ရွှေမုဋ္ဌောဘုရားကြီးအနီး ဆိပ်ကမ်းမှ ဧရာဝတီမြစ်အတွင်းသို့ ငါးသားပေါက် ငါးမျိုးစိုက်ထည့်

ပခုက္ကူ စက်တင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရွှေမုဋ္ဌောဘုရားကြီးအနီးဆိပ်ကမ်းမှ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ယနေ့နံနက် ၈ နာရီခွဲအချိန်က ကျင်းပသည်။

ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်၊ တပ်နယ် (ပခုက္ကူ) မှ တပ်နယ်မှူး ဗိုလ်မှူးကြီးမင်းမောင်၊ ခရိုင်ငါးမျိုးစိုက်ကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် မြို့နယ်ငါးမျိုးစိုက်ကြီးကြပ်ကွပ်ကဲ‌ရေး ကော်မတီအဖွဲ့ဝင်များ တက်‌ရောက်ကြပြီး ပခုက္ကူမြို့၊ ရွှေမု‌ဋ္ဌော ဘုရားအနီးဆိပ်ကမ်းမှ ဧရာဝတီမြစ်အတွင်းသို့ နှစ်လက်မအရွယ်ရှိ ငါးမြစ်ချင်း သားပေါက်ကောင်ရေ (၁၅၀၀၀၀) နှင့် ငါးခုံးမကြီး သားပေါက် ကောင်ရေ (၅၀၀၀၀) စုစုပေါင်းကောင်ရေ (၂၀၀၀၀၀) တို့အား ငါးမျိုးစိုက်ထည့်ပေးကြကြောင်း သိရသည်။

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးလုပ်ငန်းများ ရေရှည်စဉ်ဆက်မပြတ် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးရိက္ခာဖူလုံစေရန်၊ ငါးသယံဇာတများတိုးပွားလာစေရန်၊ ရေလုပ်သားများ လူမှုဘဝဖွံ့ဖြိုးတိုးတက် လာစေရန်နှင့် ကျေးလက်နေပြည်သူများ ငါးများကို ပိုမိုဖမ်းယူစားသုံးနိုင်စေရန်ရည်ရွယ်၍ ဧရာဝတီမြစ်အတွင်း ငါးသားပေါက်များ ငါးမျိုးစိုက်ထည့်ခြင်းဖြစ်‌ကြောင်း ပခုက္ကူခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးရဲလွင်သိန်းက ပြောသည်။

ဘာမီသာ(ပခုက္ကူ)