ငဖဲ စက်တင်ဘာ ၂၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီ သီးနှံဌာနခွဲ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (နတ်ရေကန်) တွင် မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကော်ဖီစိုက်ပျိုးထုတ်လုပ်နည်းသင်တန်း၊ ကော်ဖီပျိုးပင်၊ အရိပ်ရပျိုးပင်များနှင့် လုပ်ငန်းသုံးပစ္စည်းကိရိယာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ငဖဲမြို့နယ်ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (နတ်ရေကန်) တာဝန်ခံဦးဇော်သိန်းက တောင်ပေါ်ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်လာစေရန်၊ ကော်ဖီစိုက်ဧက တိုးတက်များပြားလာစေရန်၊ သဘာဝသစ်ပင်များ ပြန်လည်ထူထောင်လာပြီး ဈေးကွက်ဝင် အရည်အသွေးကောင်းမွန် သော ကော်ဖီများစိုက်ပျိုးထုတ်လုပ်တတ်စေရန်၊ ရေမြေရာသီဉတုနှင့် ကိုက်ညီပြီး ဈေးကွက်သေချာသည့် သီးနှံများအရည်အသွေးပြည့်မီစွာ စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက် မျိုးကောင်းမျိုးသန့်နှင့် နည်းပညာလိုအပ်ချက်များ ကူညီဖြည့်ဆည်းပေးခြင်းဖြင့် တောင်သူများဝင်ငွေတိုးပွားပြီး စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်မှု လုပ်ကိုင်လာနိုင်ကြစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မဲခေါင်-လန်ချန်း အစီအစဉ်ဖြင့် ကော်ဖီပျိုးပင်များ၊ အရိပ်ရပျိုးပင်များ၊ ကော်ဖီစေ့အခြောက်လှန်းစင်များနှင့် လုပ်ငန်းသုံးပစ္စည်းကိရိယာများကို ကော်ဖီခြံတာဝန်ခံနှင့်တာဝန်ရှိသူများက သင်တန်းသား/သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါသင်တန်းသို့ ငဖဲမြို့နယ် တောင်ပေါ်ဒေသ ကျေးရွာအုပ်စု(၁၀)အုပ်စုမှ ကော်ဖီစိုက် တောင်သူ သင်တန်းသား/သူ (၆၅)ဦး တက်ရောက်ပြီး ကော်ဖီခြံတာဝန်ခံဦးဇော်သိန်းနှင့် နည်းပြ(၂)ဦးက ရေရှည်တည်တံ့သော ကော်ဖီစိုက်ပျိုးထုတ်လုပ်နည်းနှင့်ကော်ဖီ GAP Guideline များကို စက်တင်ဘာလ ၂၉ ရက်နေ့ထိ (၂)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)