သမန်းနှိုးပေါင်းထိုးကိရိယာ အသုံးပြုခြင်းကြောင့် တောင်သူများအနေဖြင့် လယ်ယာလုပ်သား ရှားပါးမှုနှင့် ငွေကြေးကုန်ကျမှု သက်သာ

ရွှေဘို စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့်  သမန်းနှိုးပေါင်းထိုး ကိရိယာ အသုံးပြုခြင်းဖြင့် လယ်ယာ လုပ်သားရှားပါးမှုနှင့် ငွေကြေးကုန်ကျမှု သက်သာလျက်ရှိ ကြောင်း ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ သမန်းနှိုး၊ ပေါင်းထိုးကိရိယာကို စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်လုပ်ထားသော ပေါင်းထိုး ကိရိယာဖြစ်ပြီး ၎င်းကိရိယာတွင် ရှေ့မှာရှိသည့် လှေခွက်မှာ သမန်း၏ အနိမ့်အမြင့်ကို ညှိပေးကာ၊ ဆူးလုံးကွင်းက မြေကို နှိုးဆွပြီး နောက်မှာရှိတဲ့ ဓားကွင်းစက်တုံးက ပေါင်းမြက်ကို ဖြတ်ပေးခြင်း ဖြစ်ကြောင်းနှင့် ရွှေဘိုမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးနည်းပညာ ပြန့်ပွာရေး စင်တာ(၆)ခုတွင် နည်းပညာပေးစင်တာအလိုက် မိုးစပါးစိုက်ပျိုးထားသော တောင်သူ များအတွက် သမန်းနှိုး၊ ပေါင်းထိုးကိရိယာများ ပေးပို့ထားပြီး တောင်သူများကို အလှည့်ကျ ငှားရမ်း အသုံးပြုလျက်ရှိကြောင်း၊ ၎င်းကိရိယာကို အသုံးပြုရာတွင် စိုက်ခင်းကို ရေစပ်စပ်ထား ရှိပြီး စိုက်ခင်းအနေအထားကြည့်ပြီး အနည်းဆုံး နှစ်ကြိမ်မှ သုံးကြိမ်ထိ ကိရိယာကို သုံးစွဲနိုင်ကြောင်း သမန်းနှိုး၊ ပေါင်းထိုးကိရိယာကို အသုံးပြုခြင်းဖြင့် ပေါင်းမြက်နှိမ်းနင်းနိုင်ပြီး မြေဆီလွှာအတွင်း ပြန်လည်နှစ်မြုပ်ထည့်သွင်း ပေးခြင်းကြောင့် အာဟာရဓာတ်များ ပြန်လည်ဖြည့် တင်းပေးခြင်း၊ သီးနှံပင် အမြစ်များ လေဝင်လေထွက်ကောင်းမွန်ခြင်း၊ အပင်ပွားစည်းမှုများခြင်းကြောင့် သီးနှံ အထွက်နှုန်းတိုးတက်လာနိုင်ခြင်းနှင့် ပေါင်းသတ် ဆေးများ သုံးစွဲရန်မလိုသည့်အတွက် လူနှင့်သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုမှ ကာကွယ်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမှာ ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ဇာဇာမင်း ထံမှသိရသည် ။

ကျွန်တော်တို့ အရင်က လယ်(၁)ဧကကို ပေါင်းမြက်နှုတ်ဖို့ဆိုရင် လယ်ယာလုပ်သား (၂၀) နီးပါးခန့်ဖြင့် နှုတ်ရပြီး လာ်ယာ လုပ်သားတစ်ဦးကို(၂၅၀၀)ကျပ်နှုန်းပေးရကြောင်းနှင့် ယခု သမန်းနှိုးပေါင်းထိုးကိရိယာ အသုံးပြုတဲ့ အတွက် လယ်(၁)ဧက ကုန်ကျစရိတ်က ကျပ်(၂) သောင်း(၅)ထောင်သာ ကုန်ကျမှုရှိတော့ကြောင်း  ၎င်းကိရိယာကို လက်တွေ့အသုံးပြုနေသော ချီပါ ကျေးရွာမှ တောင်သူ ဦးလှထူးအောင် ကပြောကြားသည်။

ထွန်းမြင့်အောင်(ရွှေဘို)