လှိုင်းဘွဲမြို့နယ်၊အောက်ရေပူကျေးရွာ၌ နိုင်ငံ့စီးပွားမြင့်တင်ရေးအတွက် အရင်းမပျောက်မတည်ငွေ ချေးယူမည့်တောင်သူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတွေ့ဆုံဆွေးနွေး

လှိုင်းဘွဲ  စက်တင်ဘာ  ၂၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် အောက်ရေပူကျေးရွာ  ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ နိုင်ငံ့စီးပွားမြင့်တင်ရေးအတွက်  အရင်းမပျောက်မတည်ငွေများကို ချေးယူကြရန်အတွက် စာရင်းပေးထားသော တောင်သူများအား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊မြို့နယ်စိုက်ပျိုးမှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုအဖွဲ့မှ ဌာနဆိုင်ရာတာဝန်ခံများက ယမန်နေ့မွန်းလွဲပိုင်းအချိန်က တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံဆွေးနွေးကြရာတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးက မြို့နယ်အတွင်းရှိ ကျေးရွာများမှ တောင်သူများ၏ စိုက်ပျိုးရေးနှင့် မွေး မြူရေးလုပ်ငန်းများ တိုးတက်မြင့်မားလာစေရေးအတွက် ရည်ရွယ်၍ နိုင်ငံတော်အစိုးရက နိုင်ငံ့စီးပွားမြင့်တင်ရေးအတွက် အရင်းမပျောက်မတည်ငွေများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အမှန်တကယ် စိုက်ပျိုး၊မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ကြမည့် တောင်သူများအား ထုတ်ချေးပေးသွားမည်ဖြစ်ပြီး တောင်သူများအနေဖြင့် မိမိတို့၏လုပ်ငန်းများကို တိုးတက်အောင်ဆောင်ရွက်နိုင်ရန်နှင့် လိုအပ်သည့်နည်း စနစ်များကို မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဆည်/မြောင်းဌာနတို့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ကြစေလိုကြောင်း ဆွေးနွေးရှင်းပြခဲ့ပြီးနောက် ခရိုင်နှင့်မြို့နယ်အဆင့် တာဝန်ရှိသူများက တောင်သူများ၏ မေးမြန်းတင်ပြမှုများကို ပြန်လည် ဆွေးနွေးရှင်းပြခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြစ်သည့် မိုးစပါးအောင်ရေရရှိရေးအတွက်တောင်သူ များစိုက်ပျိုးထားသည့် စပါးခင်းများအထွက်နှုန်းကောင်းစေရေးအတွက် မြို့နယ်စိုက်ပျိုးမှု တိုးတက်မြင့်မားရေးကြီးကြပ်မှုအဖွဲ့တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ် ဆေးပေးခဲ့ကြသည်။

လှိုင်းဘွဲမြို့နယ်အတွင်းရှိကျေးရွာအုပ်စုများမှ တောင်သူများအနေဖြင့်နိုင်ငံ့စီးပွားမြင့်တင်ရေးအတွက် အရင်းမပျောက်မတည်ငွေ ချေးယူ၍ မြေပဲ၊ နေကြာ၊ နွေစပါးများကို စိုက်ပျိုးလုပ်ကိုင်ကြမည်ဖြစ်ပြီး မြေပဲနှင့်နွေစပါး(၁)ဧကလျှင် ငွေကျပ် (၂)သိန်းနှုန်း၊ နေကြာစိုက်ခင်း(၁) ဧကလျှင်ငွေကျပ် (၁)သိန်း(၂) သောင်းနှုန်းဖြင့် တောင်သူများအား ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးထံမှ သိရသည်။

လင်းသန့်(ပြန်/ဆက်)