ထားဝယ် စက်တင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၏ ရိုးရာအစဉ်အလာမပျက်နှစ်စဉ်နှစ်တိုင်းကျင်းပလျက်ရှိသော ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်ကို ဝါလကင်းလွတ်သီတင်းကျွတ်လပြည့်နေ့တွင် တလိုင်းမရပ်၊ ဆိပ်ကမ်းသာလမ်း၊ ပြည်သူ့အပန်းဖြေရင်ပြင်၊ ထားဝယ်မြစ်ကမ်း၌ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
သပိတ်မျှောပွဲကို နှစ်စဉ်နှစ်တိုင်းသီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပပြုလုပ်လေ့ရှိပြီး၊ သပိတ်မျှောပွဲသို့ လာရောက်သူများအား တေးဂီတများဖြင့်ဧည့်ခံဖျော်ဖြေခြင်း၊ ထားဝယ်ရိုးရာယဉ်ကျေးမှု အက၊ထားဝယ်ဒေသ သပိတ်မျှောပွဲ အက၊ ရွှေဝယ်သူများရေအိုးရွက်ယိမ်းအက၊ အိုးစည်အက၊ သမိုင်းအလှတနင်္သာရီအက၊ ရွှေဝယ်သူများရေခပ်သွားအကများဖြင့် သီဆိုဧည့်ခံ ဖျော်ဖြေခြင်း များပါရှိမည်ဖြစ်ကြောင်း သိရသည်။
သပိတ်မျှောပွဲတော်သည် အရှင်ဥပဂုတ္တမထေရ်မြတ်အား ရည်စူး၍ ထားဝယ်ရိုးရာမြေသပိတ် အထဲတွင် ဆွမ်း၊ မုန့်၊ သစ်သီး၊ ပေါက်ပေါက်၊ မုန့်ဆီကြော်၊ ယိုအမျိုးမျိုးစသည့် လှူဖွယ်များကိုထည့်ပြီး တံခွန်၊ ကုက္ကာများစိုက်ထူ၍ ဆီးမီးများ ထွန်းညှိကာသပိတ်မျှောခဲ့ခြင်းဖြစ်ပြီး ရာသီဥတု မိုးလေဝသကောင်းမွန်စေရန်၊ ဆန်ရေစပါးစီးပွား ဥစ္စာပေါများ တိုးတက်စေရန်၊မိုးဒဏ်၊ လေဒဏ်၊ သဘာဝဘေးရန်များနှင့် မကောင်းသော ဘေးဘယာကံကြမ္မာအပေါင်း ကင်းဝေးလွတ်မြောက်စေရန် ဆုတောင်းပတ္တနာပြုသည့် ရည်ရွယ်ချက်ဖြင့် ထားဝယ်မြို့တွင် ရှေးအစဉ် အဆက်ကတည်းက နှစ်စဉ်ကျင်းပလေ့ရှိသည်။
ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်ကို ရှေးရိုးရာအစဉ်အလာအတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ရွှေပင်လယ်(ထားဝယ်)