နွားနို့သောက်သုံးသည့် အလေ့အကျင့်ကောင်းများရရှိစေရေး အခြေခံပညာကျောင်းများ၌ နို့တိုက်ကျွေး

ဘားအံ စက်တင်ဘာ ၂၉

ကမ္ဘာ့ကျောင်းများ နို့တိုက်ကျွေးရေးနေ့အထိမ်းအမှတ်အနေဖြင့် ကလေးငယ်များ နွားနို့သောက်သုံးသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ယမန်နေ့နံနက်ပိုင်းက  နွားနို့နှင့်ကြက်ဥများတိုက်ကျွေးခဲ့ကြသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှု ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ပညာရေးဦးစီဌာန တို့၏ပူးပေါင်းဆောင်ရွက်မှုဖြင့် ကလေးငယ်များအား နွားနို့နှင့်ကြက်ဥများတိုက်ကျွေးခဲ့ကြခြင်းဖြစ်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အစိုးရအဖွဲ့ဝင်များနှင့် ကျောင်းသားမိဘများက ရွှေကင်းအခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၃၂ ဦး၊ အမှတ်(၁၈)အခြေခံ ပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ကျောင်းသူ ၁၂၄ ဦး စုစုပေါင်း ၂၅၆ ဦးအား နွားနို့နှင့်ကြက်ဥများ တိုက်ကျွေးခဲ့ကြသည်။

နွားနို့သောက်သုံးခြင်းသည် ကျန်းမာသန်စွမ်း၍ဉာဏ်ရည်ဖွံ့ဖြိုးစေပြီး အရိုးအဆစ်များသန်မာကာ ခန္ဓာကိုယ်ကြီးထွားစေသည့်အတွက်  အခြေခံပညာကျောင်းများမှစတင်၍ ကျောင်းသား၊ကျောင်းသူ၊ ကလေးငယ်များ အာဟာရပြည့်ဝသော နွားနို့သောက်သုံးသည့်အလေ့ အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်တိုက်ကျွေးခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့ မိုးကယ်ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တတေဇိန္ဒအား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ် ကော့ဒါန်းမယ်-ဝါးဆူးကွင်း၌ မိုးစပါး စိုက်ပျိုး ထားရှိမှုအခြေအနေ၊ တစ်ဧကအထွက်နှုန်းတိုးတက်ရရှိရေးနှင့်မိုးစပါးအပြီး ဆီထွက်သီးနှံ များ(နေကြာ)စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ကော့ဒါန်းမယ်ကျေးရွာ၌ ၂၀၂၂-၂၀၂၃ ခု ထောက်ပံ့ရန်ပုံ ငွေကျပ် ၁၈ ဒဿမ ၈ သန်းဖြင့် ကျေး လက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ လေးလက္မစက်ရေတွင်းတူးဖော်ခြင်းနှင့် ဂါလံ ၂၄၀၀ ဆံ့ အမြင့်တင်ကွန်ကရစ်ရေစင်တည်ဆောက်ခြင်းလုပ်ငန်း၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် နိုင်ငံတော်ထောက်ပံ့ငွေ ၁၀ သန်း၊ ပြည်သူထည့်ဝင်ငွေ ၂၀ သန်း ဖြင့်ဆောင်ရွက်သော (၃၀ပေ x ၄၀ပေ x ၁၂ပေ)ရှိ ကျေးရွာ ခန်းမတည်ဆောက်ခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)