ဝန်းသို စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့တွင် ကိုဗစ်-၁၉ကာလအတွင်း အမျိုးသမီးများ၏ အိမ်တွင်းမှု အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုဖြစ်သည့် ရက်ကန်း ရက်လုပ်ခြင်းလုပ်ငန်းကို တစ်ပိုင်တစ်နိုင် ရက်လုပ်ရာတွင် ချည်မှာယူ၍မရသောကြောင့် အဆင်မပြေဖြစ်နေကြောင်း သိရသည်။
“ကျွန်မက ရက်ကန်း ရက်လုပ်ခြင်းပညာကို မြစ်ကြီးနားမြို့မှာသွားရောက်သင်ကြားပြီးတော့ ယခု ကိုယ့်အိမ်မှာဘဲ ယက်ကန်းစင်(၂၉လွှား) ဝယ်ပြီး ကိုယ်တိုင်ယက်လုပ်ပါတယ်၊ ချည်ထည်များကို ကန့်ဘလူ၊ ကျွန်းလှမြို့များမှတဆင့်မှာယူပြီး ရက်လုပ်ပြီးသား အဝတ်ထည်များကိုလည်း သူတို့ဆီဘဲပြန်သွင်းပါတယ်၊ မြန်မြန်ရက်လုပ်မယ်ဆိုရင်တော့ တစ်ရက်ကို သုံးထောင်၊ လေးထောင်လောက်တော့ကိုက်တယ်၊ ယခုလို ပွင့်လင်းရာသီမှာ ကိုယ်ကလုပ်နိုင်တယ်ဆိုရင်တောင် ကိုဗစ်-၁၉ကာလ ရထား၊ ကားလမ်းတွေက ပိတ်ဆို တော့လိုအပ်တဲ့ချည်ထည်ကို မှာရတာ အခက်အခဲဖြစ်တယ်၊ ကိုယ့်အတွက်အများကြီးမကျန်တောင်မှ အဝေးမသွားနိုင်တော့ မိသားစု တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းအနေနဲ့ ရှိတဲ့ချည်လေးကိုအသုံးပြုပြီး ဆက်လက် လုပ်ကိုင်နေရတယ် ’’ဟု မြို့သစ် (၂) ရပ်နေ ယက်ကန်း ရက်လုပ်နေသူ မအိမြတ်ခိုင်က ပြောသည်။
လက်ယက်ကန်း ရက်လုပ်ခြင်းအတတ်ပညာသည် အခြားမြို့နယ်များသို့ သွားရောက် အလုပ် လုပ်ကိုင်ရန်မလိုဘဲ မိမိအိမ်တွင် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်၍ရသော်လည်း ဝန်းသို မြို့တွင် ယခင်က ရက်ကန်းယက်လုပ်သူ ၁၀ ဦးခန့်ရှိပြီး လက်ရှိအချိန်တွင် ရက်ကန်းခတ်သူ နည်းပါး လျက်ရှိကြောင်း သိရှိရသည်။
ကျော်မြိုင် (ပြန်/ဆက်)