ငဖဲ စက်တင်ဘာ ၂၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း ခွေးရူးရောဂါကြောင့် သေဆုံးမှုမရှိစေရေးနှင့် ခွေးရူးရောဂါ ကင်းစင်စေရေးအတွက် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့တွင် ကျရောက်သည့် (၁၆) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းကစတင်၍ မြို့ပေါ်၊ရပ်ကွက်များတွင် အိမ်မွေးတိရစ္ဆာန် (ခွေး၊ ကြောင်) များကို စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် ငဖဲမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါက်တာ ချစ်ချယ်ရီစိုးက ဦးဆောင်၍ ဒေါက်တာဆုပိုင်မြင့်ဦးနှင့် ဝန်ထမ်းများ၊ တိရစ္ဆာန်ကျန်းမာရေးအကူ လုပ်သားများပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများ၊ ဘုန်းတော်ကြီးကျောင်းများရှိ အိမ်မွေးတိရစ္ဆာန် (ခွေး၊ ကြောင်) အကောင်ရေ (၁၁၀) ကောင်တို့အား ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခဲ့ကာ ပြည်သူများအား ခွေးရူးပြန်ရောဂါ လူများတွင်ဖြစ်ရခြင်း၏ အဓိက အကြောင်းရင်းများ၊ ခွေးရူးပြန်ရောဂါကို သိရှိနိုင်မည့်ရောဂါ လက္ခဏာများကို အသိပညာပေး ပြောကြားပြီး ခွေးရူးရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ဆက်လက်၍ခွေးရူးရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)