ပွင့်ဖြူမြို့နယ် တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်း တောင်သူများ စိုက်ပျိုးရေး အဆင်ပြေစေရေး ကျိုးပေါက်သွားသော ရေပေးမြောင်းအား ပြန်လည်ပြုပြင်ဆောင်ရွက်

ပွင့်ဖြူ စက်တင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မဲဇလီရေလွှဲဆည်မှဆည်ရေပေးဝေလျက်ရှိသော တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေ အဆင်ပြေစွာ ရယူနိုင်ရေးအတွက် ကျိုးပေါက်သွားသော တောင်းမုန်းမြောင်းစုနယ်(၄) ၊ မိုင်းနား (၁) ပေတိုင် ၈၀၀၀ နှင့် ၉၀၀၀ ကြားရှိ ရေပေးမြောင်းအား ယမန်နေ့နံနက်ပိုင်းက ပြန်လည်ပြုပြင်ဆောင်ရွက်ပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ တောင်သူများ ရာသီအလိုက် သီးနှံများအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီး တို့မှ တစ်ဆင့် စနစ်တကျ ဖြန့်ဝေပေးလျက်ရှိပြီး ဆည်ရေများ ဖြန့်ဝေပေးရာတွင် ဆည်ရေ လေလွင့်ဆုံးရှုံးမှု မဖြစ်စေရန်နှင့် ဒေသခံတောင်သူများ အကျိုးရှိရှိ သုံးစွဲတတ်စေရေးအတွက် ရေအသုံးချသူများ အဖွဲ့ကို ကျေးရွာများအလိုက် စနစ်တကျ ဖွဲ့စည်းဆောင်ရွက်ပေးထားကြောင်း သိရသည်။
ထိုနေ့ နံနက်ပိုင်းက တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်းရှိ တောင်သူများ စိုက်ပျိုးရေနှင့် သီးနှံအောင် ရေဖူလုံစွာသုံးစွဲနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲထွဋ်အောင်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဒုတိယဦးစီးမှူး ဦးစိန်ဗိုလ်တင့် နှင့် ဆည်ရေလုပ်သားများအဖွဲ့က ပွင့်ဖြူမြို့နယ် လယ်ဖီလာကျေးရွာအနီး တောင်မုန်းမြောင်းစုနယ်(၄) ၊ မိုင်းနား(၁) ပေတိုင် ၈၀၀၀ နှင့် ၉၀၀၀ ကြားရှိ ကျိုးပေါက်သွားသော ရေပေမြောင်းအား တုတ်တန်းရိုက်ခြင်းနှင့် မြေဖို့ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီး ဆည်ရေ အဆင်ပြေစွာ ပေးဝေနိုင်ရေး ပြန်လည်ပြုပြင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  
 ရဲဝင်းနိုင် ( ညောင်ဦး )