တောင်တွင်းကြီးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွား သင်တန်းဖွင့်လှစ်

တောင်တွင်းကြီး စက်တင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်မှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းကျစေမှု စသည့် စံ(၅)ချက်နှင့် အညီ ကကျင်းပနိုင်ရေး ရည်ရွယ်၍ ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွား သင်တန်းကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းတွင် မဲစာရင်းပြုစုခြင်း၊ ပြည်သူလူထုနှင့် မဲဆန္ဒရှင်အသိပညာပေးခြင်း၊ နိုင်ငံရေး ပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့်ကျင့်ဝတ်၊ အငြင်းပွားမှုများ ဖြေရှင်းခြင်းနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ၏ အခန်းကဏ္ဍ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့်မဲရုံအဖွဲ့ဝင်များ၏ ရှောင်ရန်/ဆောင်ရန် အချက်များ၊ ရွေးကောက်ပွဲနေ့၌ မဲရုံများကို ကြီးကြပ်ခြင်း၊ မဲရုံအတွင်းသို့ ဝင်ရောက်ခြင်း၊ ဆန္ဒမဲရေတွက်ခြင်း၊ မဲဆန္ဒနယ်အတွင်းရှိ မဲရုံသို့မလာရောက်နိုင်သူများ ကြိုတင်မဲပေးခြင်း၊ ရလဒ်များထုတ်ပြန် ကြေညာခြင်းနှင့် ပုံစံများအသုံးပြုခြင်း စသည့်ဘာသာရပ်များကို သင်ကြား ပို့ချပေးခဲ့ကြောင်းသိရသည်။
သင်တန်းနည်းပြများအဖြစ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သင်ကြား ပို့ချပေးလျက်ရှိပြီး သင်တန်းသားများအဖြစ် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး (၂၄၀)ဦးအား တစ်ရက်လျှင်(၁၂၀)ဦးဖြင့် နှစ်သုတ်ခွဲ၍   ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်အညီ ပို့ချပေးလျက်ရှိသည်။
သင်တန်းပို့ချရာတွင် အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်း(ဒေဝီ)တွင် စာသင်ခန်း(၂)ခန်း၊ အမှတ်(၄)အခြေခံ ပညာအထက်တန်းကျောင်း(မိုးထိ)တွင် စာသင်ခန်း(၂)ခန်း စုစုပေါင်းစာသင်ခန်း(၄)ခန်းတွင် တစ်ခန်းလျှင် သင်တန်းသား (၃၀)ဦးဖြင့် တစ်နေ့သင်တန်းသား(၁၂၀)ဦးဖြင့်  သင်တန်းကို အုပ်စု(၂)စုခွဲ၍ (၁၅-၉-၂၀၂၀) ရက်နေ့မှစတင်ပို့ချပေးခဲ့ပြီး (၁၆-၉-၂၀၂၀၂) ရက်နေ့ အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေးမိုးမိုးမြင့်(ပြန်/ဆက်)