မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းလှမြို့ရှိ မြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄)အုပ်စုမှ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန် (၅)မျိုး ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေး စက်တင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ရှိ မြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာ အုပ်စု(၄)အုပ်စုမှ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန်(၅)မျိုး ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မင်းလှမြို့ မြို့နယ်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ယခုလက်ရှိကာလတွင် မင်းလှမြို့ပေါ်ရှိ ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄)အုပ်စုမှ အခြေခံလူတန်းစား အိမ်ထောင်စုများ၏ စားဝတ်နေရေးအတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုစေရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်ပြီး မင်းလှမြို့ရှိ စေတနာရှင် အလှူရှင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် အိမ်ထောင်စုပေါင်း ၇၂၅ စုအတွက် စုပေါင်းလှူဒါန်းထောက်ပံ့ပေးခြင်း ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှာလည်း တစ်မြို့နယ်လျှင် အိမ်ထောင်စုပေါင်း ၁၀၀၀ ခန့်ကို လှူဒါန်းထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိကာ လှူဒါန်းထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ထိုသို့ ထောက်ပံ့ပေးရာတွင် မင်းလှမြို့ပေါ်ရှိ ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄) အုပ်စုမှ အခြေခံလူတန်းစား အိမ်ထောင်စုများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အိမ်ထောင်စု (၅၀၀)စာ၊ စေတနာရှင် အလှူရှင်များမှ အိမ်ထောင်စု(၂၂၅)စုစာ စုစုပေါင်း အိမ်ထောင်စု(၇၂၅) အတွက် တစ်အိမ်ထောင်လျှင် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန်နီများကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ စေတနာရှင် အလှူရှင်များနှင့် တာဝန်ရှိသူတို့က အိမ်ထောင်စုအလိုက် အသီးသီး လှူဒါန်းထောက်ပံ့ပေးအပ်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများ စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံကြီးကြပ်ပံ့ပိုးဆောင်ရွက်မှု၊ ဒေသခံစေတနာရှင် အလှူရှင်များ၏ ပူးပေါင်းပါဝင်လှူဒါန်းမှုဖြင့် အခြေခံစားသောက်ကုန်များအား ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီသီးတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စီစဉ်ဆောင်ရွက်မှုဖြင့် နယ်မြေခံတပ်နယ် အသီးသီးမှ အခြေခံစားသောက်ကုန်နှင့် အသား၊ ငါး၊ ဟင်းသီး ဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် ဒေသခံပြည်သူများအား ရောင်းချဆောင်ရွက်ပေးခြင်း၊ ဆီကုန်သည်၊ ဆီလုပ်ငန်းရှင်အသင်း၏ အစီအစဉ်ဖြင့် စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်ညီညာ (ပြန်/ ဆက်)