နတ်မောက်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှု ကြိုတင်ကာကွယ်ထိန်းချုပ်ရေး ညမထွက်ရအမိန့်ထုတ်ပြန်


နတ်မောက်   စက်တင်ဘာ    ၁၆

 
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပေါ်စေရေးနှင့် အချိန်မီ ထိန်းချုပ်နိုင်ရေးအတွက် စက်တင်ဘာ ၁၂ ရက်နေ့မှစတင်၍ ည ၁၂နာရီမှ နောက်တစ်နေ့ နံနက် ၄နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
ယင်းအမိန့်ကို အများပြည်သူအကျိုးငှာထုတ်ပြန်ခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပေါ်စေရေးနှင့် အချိန်မီထိန်းသိမ်းနိုင်ရေးအတွက် ယမန်နေ့ည ၁၂ နာရီက သက်ဆိုင်ရာဌာနများမှ မြို့တွင်းလှည့်လည်၍စစ်ဆေးဆောင်ရွက် ခဲ့သည်။ အဆိုပါအမိန့်ကို နေ့စဉ် ည ၁၂နာရီမှ နောက်တစ်နေ့ နံနက် ၄နာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ရာ အရေးပေါ်ကိစ္စများ ပေါ်ပေါက်လာပါက သက်ဆိုင်ရာ၏ ခွင့်ပြုချက် ရယူရမည်ဖြစ်ကြောင်း သိရသည်။
ထိုညအမထွက်ရအမိန့်ကို စက်တင်ဘာ ၁၂ရက် ရက်စွဲဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ထုတ်ပြန်သည့်နေ့မှ (၂)လအတည်ဖြစ်ကြောင်းနှင့် တိကျလိုက်နာမှုမရှိပါက တည်ဆဲ ဥပဒေများဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
မူမူစန်း (နတ်မောက်)