ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ ဌာနဆိုင်ရာ အကြီးအကဲများ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

ကျုံပျော် စက်တင်ဘာ ၂၈

ဒေသတွင်းတည်ငြိမ်အေးချမ်း‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ ဌာနဆိုင်ရာအကြီးအကဲများ တွေ့ဆုံဆွေးနွေးပွဲကို ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီက ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ အဖွဲ့ဝင်(၁)အဖြစ် ရောက်ရှိတာဝန် ထမ်းဆောင်သည့် ဒုတိယဗိုလ်မှူးကြီး ဟိန်းမောင်မြင့်က မိတ်ဆက်စကား ပြောကြားပြီး၊ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ခရိုင်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ခရိုင်အတွင်း တည်ငြိမ်အေးချမ်းရေး၊ ပြည်သူ တစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ၊ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆)များ တိကျမှန်ကန်ရေး ဆောင်ရွက်မှုများကို၎င်း၊ ကျုံပျော်၊ ရေကြည်နှင့် ကျောင်းကုန်း မြို့နယ်တို့မှ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်း သန့်ရှင်းသာယာ လှပရေးလုပ်ငန်း ဆောင်ရွက်မှု၊ ပညာရေးလုပ်ငန်းဆောင်ရွက်မှု၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု၊ စစ်ကြောင်းကြီး(၅)ကြောင်း ကွင်းဆင်းဆောင်ရွက်မှုနှင့် ကဏ္ဍအလိုက် လုပ်ငန်း‌ဆောင်ရွက်မှု အခြေအနေ ကိစ္စရပ်များကို အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)