ငါးသိုင်းချောင်း စက်တင်ဘာ ၂၈
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ မြက်တိုကျေးရွာအုပ်စု၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ က ဦးဆောင်၍ မြို့အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာဌာနများ၊ ရပ်ကွက် အုပ်ချုပ်ရေး မှူးနှင့် အဖွဲ့တို့က ကျေးလက်နေ အခြေခံလူတန်းစားများအတွက် စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးခြင်းကို ယမန်နေ့နံနက်ပိုင်း ကဆောင်ရွက် ခဲ့ကြပါသည်။
ငါးသိုင်းချောင်းမြို့၌ အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့်ရောင်းချ ပေးခြင်းကို (၁၁) ကြိမ်တိုင်တိုင် ရောင်းချပေးမည်ဖြစ်ရာ မြက်တိုကျေးရွာအုပ်စုတွင် (၈)ကြိမ်မြောက် ရောင်းချပေးခြင်းဖြစ်ကြောင်းနှင့်ကျေးရွာအုပ်စု (၃)အုပ်စုတွင် ဆက်လက်ရောင်း ချပေးရန်လျာထားထားကြောင်း မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်က ပြောကြားခဲ့ပါသည်။
မြက်တိုကျေးရွာနေ ပြည်သူများအား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန် ၁ ပြည်လျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် ဆန် ၁၀ အိတ် ၊ ဆီ ၁၀ ကျပ်သားလျှင် ၅၀၀ကျပ်နှုန်းဖြင့် ပိဿာ ၃၀၊ ကြက်ဥ တစ်လုံး ၁၀၀ကျပ်နှုန်းဖြင့် အလုံး ၃၀၀၊ ဆား ၁ ထုပ်လျှင် ၁၀၀ကျပ်နှုန်းဖြင့် ပိဿာ ၅၀၊ ဟင်းသီးဟင်းရွက်စုံ ၁ စည်း ၁၀၀ကျပ်နှုန်းတို့ဖြင့် အိမ်ထောင်စု ၂၅၀ အား စျေးနှုန်း သက်သာစွာဖြင့်ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)