ကျုံပျော်ခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ၏ ဆောင်းသီးနှံနေကြာ သီးသန့် (သီးထပ်)ဧကပြည့်မီရေး တာဝန်ပေးအပ်ပွဲ ကျင်းပ

ကျုံပျော် စက်တင်ဘာ ၂၈

ပြည့်သူများ၏ စားရေရိက္ခာ စားသုံးဆီဖူလုံစွာ ရရှိနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ၏ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံနေကြာ သီးသန့် (သီးထပ်)ဧက ပြည့်မီရေး တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ကျုံပျော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၂၇ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျုံပျော်ခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက မိမိတို့နိုင်ငံတွင် စားသုံးဆီဖူလုံစွာ ရရှိနိုင်ရေးအတွက် နေကြာသီးနှံကို ပြည်တွင်းတွင် စနစ်တကျ စိုက်ပျိုးထုတ်လုပ်ရန်အတွက် ကြိုးပမ်း ဆောင်ရွက်လျှက်ရှိကြောင်း၊ နေကြာဆီသည် ကျန်းမာရေးအတွက် အထူးသင့်လျှော် ကောင်းမွန်သည့်ဆီထွက် သီးနှံဖြစ်သည့်အတွက် စနစ်တကျ စိုက်ပျိုးနိုင်နှင့် လျှာထားဧက ပြည့်မီရန်အတွက် သက်ဆိုင်ရာ စိုက်/တိုး/မြင့် အဖွဲ့များအနေဖြင့် တောင်သူများထံ နေကြာစိုက်ပျိုးမှု အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ရန် လိုအပ်ကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌက ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံနေကြာ သီးသန့်(သီးထပ်) လျှာထားဧကများကို မြို့နယ်အလိုက် ပြည့်မှီစွာ စိုက်ပျိုးဆောင်ရွက်ရေးအတွက် တာဝန်ပေးအပ်လွှာများအား မြို့နယ်(၃)မြို့နယ်မှ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များထံသို့ အသီးသီး ပေးအပ်ခဲ့သည်။

အဆိုပါတာဝန်ပေးအပ်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျုံပျော်ခရိုင်အတွင်းရှိ ကျုံပျော်၊ ရေကြည်နှင့် ကျောင်းကုန်းမြို့နယ်တို့မှ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအသီးသီး ဆက်ရောက်ကြပြီး၊ ကျုံပျော်ခရိုင်အနေဖြင့် ဆောင်းသီးနှံနေကြာ စိုက်ပျိုးရန် သီးသန့်(သီးထပ်) (၁၉၆၆၄)ဧက လျှာထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)