ပြည်မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူမှုဖူလုံရေးအကျိုးခံစားခွင့်နှင့် လူမှုဖူလုံရေးဥပဒေ အာမခံစနစ်အကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည် စက်တင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်လူမှုဖူလုံရေးအဖွဲ့တို့ ပူးပေါင်း၍ လူမှုဖူလုံရေးအကျိုးခံစားခွင့်နှင့် လူမှုဖူလုံရေးဥပဒေအာမခံစနစ်အကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့ နေ့လည်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက ဟောပြောကျင်းပဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး မြို့နယ်လူမှုဖူလုံရေးအဖွဲ့ ဒုတိယဦးစီးမှူး ဦးကျော်ဇင်မျိုးက လူမှုဖူလုံရေးရုံးတွင်ထည့်ဝင်ကြေး ပေးသွင်းထားသော အလုပ်သမားများ၏ အကျိုးခံစားခွင့်၊ လူမှုဖူလုံရေး ဥပဒေပါ အာမခံစနစ်များ၊ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်ပါ ခံစားခွင့်များ၊ လက်ရှိအကောင်ထည်ဖော်နေသော အာမခံစနစ်များနှင့် ထည့်ဝင်ကြေးများအကြောင်း၊ အလုပ်ဌာနမှတ်ပုံတင်ခြင်းနှင့် အလုပ်သမားမှတ်ပုံတင်ခြင်း၊ ဆေးဖိုးကုန်ကျစရိတ်နှင့် ခရီးစရိတ်များ ပြန်လည်ထုတ်ပေးခြင်းစသည့် အကြောင်းအရာများကို ရှင်းလင်း ဟောပြောခဲ့သည်။

ယင်းနောက် ဟောပြောပွဲသို့ တက်ရောက်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ် လူမှုဖူလုံရေးအဖွဲ့မှ တာဝန်ရှိသူက မေးမြန်းမှုများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ ဆက်လက်ပြီး ဟောပြောပွဲ တက်ရောက်လာသူများအား "လူမှုဘဝဖူလုံဖို့ လူမှုဖူလုံရေးမှာ အာမခံထားကြစို့" ဆောင်ပုဒ်ပါ လက်ကမ်းစာစောင်များကို  ဖြန့်ဝေပေးခဲ့သည်။

အဆိုပါဟောပြောပွဲသို့ လူမှုဖူလုံရေးအာမခံစနစ်ထားရှိထားသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်နှင့် မြို့နယ်များမှ အရာထမ်း/အမှုထမ်း စုစုပေါင်း(၃၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုစိုး(ပြန်/ဆက်)