နတ်မောက်မြို့နယ်တွင် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချမှု ရှိ/မရှိ လိုက်လံစစ်ဆေး

နတ်မောက်  စက်တင်ဘာ   ၁၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး နှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင် လူစုလူဝေး မဖြစ်ပေါ်စေရေး အတွက် အစားအသောက်ရောင်းချသည့် ဆိုင်များအားလုံး ဆိုင်ထိုင်ရောင်းချခြင်းကို ယာယီပိတ်သိမ်းပြီး ပါဆယ်စနစ်ဖြင့်သာ ရောင်းချရေး ထုတ်ပြန်ကြေညာ ခဲ့ကြောင်း သိရသည်။
ထိုသို့ထုတ်ပြန်ကြေညာချက်ကို အစားအသောက်ရောင်းချသည့်ဆိုင်များသို့ ကြိုတင်အသိပေးခြင်း များ ဆောင်ရွက်ခဲ့ပြီး အဆိုပါထုတ်ပြန်ချက်အား လိုက်နာဆောင်ရွက်မှုရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမော်၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူ ရေးရာတာဝန်ခံ၊ မြို့နယ်မီးသတ် ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဌာန၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဦးစီးမှူးနှင့် ကော်မတီအဖွဲ့ဝင်များက မြို့နယ် အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ညွှန်ကြားချက် နှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်းရှိ/ မရှိ ကို ယမန်နေ့ ည(၇)နာရီခန့်က လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ  စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား စက်တင်ဘာလ ၁၄ ရက်မှစတင်၍(  Take Away ) ပါဆယ်စနစ်ဖြင့်ရောင်းချစေခဲ့ကြောင်း သိရသည်။    
လှဝင်း  (နတ်မောက်)