လက်ပံတန်း စက်တင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် စိုက်ပျိုးသီးနှံ ကုန်ထုတ်လုပ်ငန်းဖွံ့ဖြိုးရေးနှင့် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံဆောင်းနေကြာ သီးညှပ်စိုက်ပျိုးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဂွေးတောက်ကွင်းကျေးရွာ၌ ပြုလုပ်ခဲ့သည်။
အဆိုပါဆောင်းနေကြာ သီးညှပ်စိုက်ပျိုးခြင်းကို ဂွေးတောက်ကွင်းကျေးရွာ တောင်သူ ဦးကျော်ကျော်၏ လယ်မြေ ၄ ဧကတွင်ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်/ကြပ်ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဉာဏ်မြင့်နှင့်ဝန်ထမ်းများက နေကြာမျိုးစေ့များ ဖြန့်ဝေပေးခြင်း၊ စိုက်ပျိုးမှုနည်းစနစ်များ၊ ဓာတ်မြေဩဇာအသုံးပြုမှုနည်းစနစ်များကို အသိပညာပေး ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် စိုက်ပျိုးသီးနှံကုန်ထုတ်လုပ်မှု တိုးတက်ရေးနှင့် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံဆောင်းနေကြာကို သီးညှပ်နှင့် သီးခြားစိုက်ပျိုးခြင်းဖြင့် ၅၅၃၅ ဧကစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)