သရက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်း ကာကွယ်စောင့်ရှောက်ပေး အသိပညာပေး အလင်းတန်း လက်ကမ်းစာစောင်များ ဖြန့်ဝေ

သရက် စက်တင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊  သရက်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊  မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းဆပ်ကော်မတီက တာဝန်ခံထုတ်ဝေသည့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး “အလင်းတန်း” လက်ကမ်းစာစောင်များကို ယနေ့ နံနက်(၈)နာရီ အချိန်ခန့်က  သရက်မြို့ဗိုလ်ချုပ်အားကစားကွင်းရှိ ယာယီဈေးအတွင်းတွင် ဖြန့်ဝေခဲ့သည်။
အဆိုပါ အလင်းတန်း အသိပညာပေးလက်ကမ်းစာစောင်တွင်  ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ်ဖြစ် သော (က) မြန်မာနိုင်ငံတွင် ကလေးများအား ကလေးအလုပ်သမားအဖြစ်ခိုင်းစေမှု အထူးသဖြင့် အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေမှုများအား လျော့နည်းပပျောက်စေရန်နှင့် ထိရောက်စွာ တားဆီးကာကွယ်ရန်၊ (ခ) ဥပဒေအရ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ်ပေးရန်၊ (ဂ) အန္တရာယ်ရှိသောအလုပ်နှင့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများအား ဖယ်ရှားပြီးသင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင် ရရှိရေးနှင့် အသက်မွေးပညာကျောင်းများတက်ရောက်နိုင်ရေးစီမံဆောင်ရွက်ပေးရန် တို့ပါရှိသည်။
ထို့အပြင် သင်အလုပ်ခန့်မည့်ကလေးများသည် အသက်(၁၄)နှစ်ပြည့်ပြီးဖြစ်ပါစေ၊ အလုပ် လုပ်သော ကလေးများအား သင့်လျော်သလို နားနေရန်စီစဉ်ပေးပါ၊ ကျန်းမားရေးနှင့် စာရိတ္တ ကိုထိခိုက်စေပြီးဘေးကင်းမှုမရှိသော အန္တရာယ်ရှိသည့်လုပ်ငန်းခွင်များတွင် ကလေးများကိုအလုပ် မခိုင်းစေရပါ၊ အလုပ်လုပ်သော ကလေးများအနေဖြင့် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ ဆက်သင်ရန် တိုက်တွန်းပြီးစီစဉ်ပေးပါ၊ ကျန်းမာရေးနှင့် စာရိတ္တကိုထိခိုက်စေပြီး ဘေးကင်းမှုမရှိသော အန္တရာယ်ရှိသည့်လုပ်ငန်းခွင်များတွင် ကလေးများကို အလုပ်မခိုင်းစေရပါ အစရှိသောအသိပညာပေး စာတန်းများအပြင် ဆရာတင်လင်းဇော်၏ “ပန်းဖူးကလေးများပွင့်စေသား” ကဗျာတို့ပါဝင်ကြောင်း သိရသည်။

ဇော်ဝမ်းထွန်း(ပြန်/ဆက်)