ပခုက္ကူမြို့၌ စားသောက်ကုန်များ ဘေးကင်းလုံခြုံစိတ်ချစေရေးနှင့် ထိခိုက်နစ်နာမှုမရှိစေရေး ကွင်းဆင်း စစ်ဆေး

ပခုက္ကူ စက်တင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ စျေးကွက်အတွင်း ရောင်းချလျက်ရှိသော စားသောက်ကုန်များ ဘေးကင်းလုံခြုံ စိတ်ချစေရေးနှင့် စားသုံးသူပြည်သူများအား ထိခိုက်နစ်နာမှုမရှိစေရေးတို့အတွက် မြို့ပေါ်ရပ်ကွက်များရှိ ကုန်စုံဆိုင်နှင့် စတိုးဆိုင်များကို ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ကြသည်။

အဆိုပါကွင်းဆင်းစစ်ဆေးမှုလုပ်ငန်းကို ပခုက္ကူခရိုင်စာသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်၏ ဦးဆောင်မှုနှင့်အတူဝန်ထမ်းများက  ပခုက္ကူမြို့ပေါ်ရပ်ကွက်များအတွင်းရှိ စျေးဆိုင်များ၊စတိုးဆိုင်များတွင် ရောင်းချလျက်ရှိသော စားသောက်ကုန်ပစ္စည်းအမျိုးမျိုးတို့၌ ဖော်ပြထားသည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသား တင်အလေးချိန်ပမာဏများနှင့် ကိုက်ညီမှု ရှိ/မရှိ၊ နိုင်ငံတော်က တရားဝင်ထုတ်ပြန်ထားသော စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ၊ သက်တမ်းလွန် စားသောက်ကုန်များ ရောင်းချခြင်း ရှိ/မရှိ အခြေအနေတို့ကို တိုက်ဆိုင်စစ်ဆေးခြင်း၊ စားသုံးသူရေးရာဥပဒေတွင် ပြဌာန်းထားသည့် ကုန်ပစ္စည်း(၉)မျိုးတို့၌ မြန်မာဘာသာဖြင့် ဖော်ပြမှသာ ရောင်းချကြရန်၊ သက်တမ်းလွန်နှင့် မှိုတက်နေသည့် စားသောက်ကုန်များ ရောင်းချခြင်းမပြုကြရန်တို့ကို အသိပညာပေးရှင်းလင်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)