ပေါက်ခေါင်း စက်တင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်မတည်လည်ပတ်ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့က ငှက်တော်ဦးကျေးရွာ၊ ကောင်းစီကျေးရွာနှင့်သီးကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံများတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မြစိမ်းရောင်စီမံကိန်းမတည်ရန်ပုံငွေ ပေးအပ်ပွဲတွင် ဦးစွာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဌေးဇော်က မတည်ရန်ပုံငွေများလွှဲပြောင်းပေးအပ်ရခြင်း ရည်ရွယ်ချက်များနှင့် ကျေးလက်ဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် အသက်မွေးဝမ်းကြောင်းအထောက်အကူပြု လုပ်ငန်းများဖွင့်လှစ် သင်ကြားပေးနိုင်မှုအခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းမတည်ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲကျင်းပရာ ကျေးလက်ဦးစီးဌာနမြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက ငှက်တော်ဦးကျေးရွာအတွက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ သိန်း ၄၀၀၊ ကောင်းစီကျေးရွာအတွက် ၅၄၉ သိန်း၊ သီးကုန်းကျေးရွာအတွက် ၄၄၆ သိန်း၊ စုစုပေါင်းစီမံကိန်းရန်ပုံငွေ ၁၃၉၅ သိန်းကို ကျေးရွာ(၃)ရွာမှမြစိမ်းရောင် စီမံကိန်းကော်မတီဝင်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ အဆိုပါမြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အရောင်းအဝယ်ပြုလုပ်မည့် ကျေးရွာပြည်သူများထံသို့ မြစိမ်းရောင်စီမံကိန်းတာဝန်ခံများက တစ်ဆင့်ပြန်လည်ထုတ်ပေးခဲ့ကြောင်းသိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)