ကျိုက်လတ် စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့တွင် ယနေ့နံနက် ၇ နာရီခန့်ကစ၍ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပျံ့နှံမှုမရှိစေရေးအတွက် မြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဈေးများအား အသိပညာပေး စစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် ၂၈ လမ်းရှိ၊ အောက်ရွာလေးဈေးအား မြို့နယ်စားသုံးသူရေးရာ ဦးစီးမှူး ဦးစိုးမင်းထိုက် ခေါင်းဆောင်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ရီရီမြင့်၊ စည်ပင်သာယာရေးအဖွဲ့မှ ဒုဦးစီးမှူး ဦးမျိုးမင်းဇော်၊ ကျန်းမာရေးဦးစီးဌာနမှ ဦးကျော်ဆန်းထွန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းဌေး၊ ဦးအောင်ဖြိုး တို့ပါဝင်သော အဖွဲ့သည် ဈေးအတွင်း ရောင်းချလျက်ရှိသော ဈေးဆိုင်များတွင် ရောင်းသူ/ဝယ်သူများအနေဖြင့် နှာခေါင်းစည်း(Maskများ တပ်ဆင်ထားခြင်း ရှိ/မရှိ၊ လက်ဆေးရန် နေရာထားရှိခြင်း ရှိ/မရှိ၊ စားသောက်ကုန် ရောင်းချသည့် ဈေးဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချမှု ရှိ/မရှိ တို့ကို စစ်ဆေးခဲ့သည်။
ထို့နောက် ဈေးအတွင်း (၃) နေရာခွဲ၍ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန် ဈေးဆိုင်များနှင့် ဈေးဝယ်သူများ လိုက်နာရမည့် အချက်များ၊ နှာခေါင်းစည်း (Mask) တပ်ဆင်ရာတွင် စနစ်တကျ တပ်ဆင်နည်း နှင့်စွန့်ပစ်နည်းများ၊ စနစ်တကျ လက်ဆေးနည်းများကို အသိပညာပေး စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ရီရီမြင့်(ပြန်/ဆက်)