အုတ်ဖို စက်တင်ဘာ ၂၇
ကျောင်းသားကျောင်းသူများ အသိပညာဗသုသုတများ တိုးပွားလာစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိလာစေရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီ ၃၀ ချိန်က အ.မ.က လင်းလွန်းပင် ကျောင်း၌ ပြုလုပ်ခဲ့သည်။
စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ညွန့်ညွန့်စိန် က ကျောင်းသား ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ စာဖတ်ခြင်းကြောင့်ရရှိနိုင်သော အကျိုးကျေးဇူးများ ရှင်းလင်းကိုပြောကြားပြီး၊ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်မိုး က ကျောင်းသား ကျောင်းသူလေးများကို ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်စေခြင်းနှင့် ပုံပြောခြင်း၊ ဘုဒ်ပြားပြဇာတ်ပြသခြင်း၊ စက္ကူပြဇာတ်ပြသခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါစာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းတွင် ကျောင်းသား ကျောင်းသူလေးများအား သုတ၊ ရသ၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ စာစောင် စသည့်အုပ်ရေပေါင်း (၁၀၀)ကျော်ကို ငှားရမ်းဖတ်ရှု့စေပြီး စာဖတ်ရှိန်မြှင့်တင်ရေး၊ မူးယစ်ဆေးဝါး အန္တရာယ်သိကောင်းစရာများ စသည့်နံရံကပ်စာစောင်များကို ပြသပေးခဲ့သည်။
အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အခြေခံပညာကျောင်းများသို့ စဉ်ဆက်မပြတ် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခြင်းကို စဉ်ဆက်မပြတ် ပြုလုပ်ပေးလျှက်ရှိကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)