ငဖဲ စက်တင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များတွင် ဖွင့်လှစ်ရောင်းချ လျက်ရှိသော ဆေးဝါးအရောင်းဆိုင်များတွင် ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက်သို့ ဖြန့်ဖြူး ရောင်းချခြင်းမရှိဘဲ သိုလှောင်ထားခြင်း၊ ကန့်သတ်ဆေးဝါးပစ္စည်းများ ရောင်းချခြင်း၊ သက်တမ်းလွန်ဆေးဝါးများ တင်သွင်း ရောင်းချမှုမရှိစေရေးနှင့် အရည်အသွေးပြည့်ဝသော ဆေးဝါးများ ရောင်းချစေရန် ရည်ရွယ်၍ မြို့နယ်ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ယနေ့နံနက်ပိုင်းက ဆေးဝါးအရောင်းဆိုင်များအား သတ်မှတ်ချက်နှင့်အညီ ရောင်းချမှုရှိစေရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့ဝင်များဖြစ်သော ငဖဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးလှိုင်နှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်မော်မော်လွင်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကွင်းဆင်း၍ မြို့ပေါ်ရပ်ကွက်များတွင် ဖွင့်လှစ်ရောင်းချလျက် ရှိသော ဆေးဆိုင်များတွင် ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက်သို့ ဖြန့်ဖြူးရောင်းချခြင်းမရှိဘဲ သိုလှောင်ထားခြင်း၊ ကန့်သတ် ဆေးပစ္စည်းများရောင်းချနေခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း၊ သတ်မှတ်ချက်ထက် ကျော်လွန်သော သက်တမ်းလွန် ဆေးဝါးများ ရောင်းချခြင်း ရှိ၊ မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မရှိစေရေး စစ်ဆေး၍ သက်တမ်းလွန်ဆေးဝါးများအား ရောင်းချခြင်းမပြုရန်နှင့် ဆေးဝါးပစ္စည်းများအား သန့်ရှင်းသပ်ယပ်စွာ စနစ်တကျ ထားရှိ၍ ဈေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချကြရန်မှာကြားခဲ့ကြောင်း သိရသည်။
ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆေးဝါးအရောင်းဆိုင်များအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းအားဖြင့် မှတ်ပုံတင်မဲ့ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမရှိဘဲ ကောင်းမွန်သောဆေးဝါးများ ရောင်းချခြင်းကျင့်စဉ်နဲ့အညီ ရောင်းချရန် တွန်းအားတစ်ခုဖြစ်စေပြီး ပြည်သူလူထုအနေဖြင့် သက်တမ်းလွန် ဆေးဝါးများ၊ မှတ်ပုံတင်မဲ့ဆေးဝါးများ ဆေးဆိုင်များ မှာတင်သွင်း ရောင်းချခြင်းမရှိခြင်းကြောင့် ကောင်းမွန်ပြီး အရည်အသွေးပြည့်ဝသောဆေးဝါးများ၊ ဘေးအန္တရာယ်ကင်းရှင်းပြီး အာနိသင်ထက်မြက်သော ဆေးဝါးများကို ဝယ်ယူသုံးစွဲနိုင်မှာဖြစ်ကြောင်း ငဖဲမြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးလှိုင်က ပြောကြားသည်။
မယု(ငဖဲ)