ကျိုက်လတ်မြို့နယ်အတွင်း အေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူများ၏ လုံခြုံရေးအတွက် မြို့ဝင်၊ မြို့ထွက်ဂိတ်များ၌ စစ်ဆေးရေးဆောင်ရွက်

ကျိုက်လတ် စက်တင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်း အေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူများ၏ လုံခြုံရေးအတွက် မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်တွင် မြို့နယ်အတွင်း ဝင်ထွက်သွားလာနေသည့် မော်တော်ယာဥ်များ၊ ခရီးသွားပြည်သူများအား ယနေ့နံနက်ပိုင်းမှစ၍ ဌာနဆိုင်ရာများပါဝင်သော အဖွဲ့များက စစ်ဆေးဆောင်ရွက်လျက် ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျိုက်လတ်မြို့နယ်အတွင်း အေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူများ၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဥ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ကြပ်မတ်ဆောင်ရွက်လျက် ရှိသော်လည်း နယ်မြေအတွင်း မလိုလားအပ်သော အဖျက်အမှောင့်လုပ်ငန်းများ မဖြစ်ပေါ်စေရေးအတွက် မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ်များတွင် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းစစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ စစ်ဆေးကြပ်မတ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးတာဝန်ကျသည့် တပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ ပါဝင်သော အဖွဲ့များအနေဖြင့် မပျက်မကွက် တာဝန်ထမ်းဆောင်ရန်နှင့် ထူးခြားမှုရှိပါက အချိန်နှင့်တစ်ပြေးညီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ တင်ပြပေးရန် ညွှန်ကြားထားကြောင်း သိရသည်။

ကျိုက်လတ်(ပြန်/ဆက်)