ကျွန်းလှမြို့နယ်၌ အသက် (၂) နှစ်အောက် ကလေးငယ်များအား တိုးချဲ့ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေး

ကျွန်းလှ စက်တင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းပြီး ရောဂါဘယ ကင်းဝေးစေရန်အတွက် အသက် (၂) နှစ်အောက် ကလေးငယ်များအား တိုးချဲ့ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အသက် (၂) နှစ်အောက် ကလေးငယ်များအား အသက်အပိုင်းခြားအလိုက် ပိုလီယိုဆေး၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျောကာကွယ်ဆေး၊ ပြင်းထန်တီဘီကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်ဆေး၊ ဝက်သက် ဂျိုက်သိုးဆေး၊ နှင့် ငါးမျိုးစပ် (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသဲရောင်အသားဝါဘီ၊ ဦးနှောက်အမှေးရောင်)ကာကွယ်ဆေးများ ထိုးနှံ၊ တိုက်ကျွေးကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ကလေးငယ်များ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝင်းဇော်ဌေးနှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ