ကြံခင်းမြို့တွင် ဟင်္သာတခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များ က ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များအား သင်တန်းပို့ချ

ကြံခင်း စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး  အတွက် ဟင်္သာတခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များက ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင် များကို ယမန်နေ့မွန်းလွဲပိုင်းက ကြံခင်းမြို့ (အ-မ-က) အင်းလပ်ကျောင်း စာသင်ခန်းတွင် သင်တန်းဖွင့်လှစ် ပို့ချခဲ့ကြောင်း သိရသည်။

ပထမဦးစွာ ဟင်္သာတခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်ဥက္ကဋ္ဌ ဦးဝင်းမောင်က အဖွင့်အမှာစကား ပြောကြားပြီး သင်တန်း စတင်ဖွင့်လှစ်ပို့ချရာ လုပ်ငန်းလမ်းညွှန်ချက်များ၊ ရွေးကောက်ပွဲဆိုင်ရာ အမိန့်နှင့် ညွှန်ကြားချက်များကို ရှင်းလင်းပို့ချရာ မြို့မရပ်ကွက်နှင့် ရွာသစ်ရပ်ကွက်တို့မှ ရွေးကောက်ပွဲ ကော်မရှင်  အဖွဲ့ခွဲဝင် သင်တန်းသား (၂၈)ဦး တတ်ရောက်ခဲ့ကြောင်း သိရသည်။

အလားတူအမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ အောင်ကျော်ခန်းတွင်လည်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များက လုပ်ငန်းလမ်းညွှန်ချက်များ၊ ရွေးကောက်ပွဲဆိုင်ရာ အမိန့်နှင့် ညွှန်ကြားချက်များအား  ပို့ချခဲ့ရာ ရွှေတောင်စု ရပ်ကွက်နှင့် တလိုင်းကွင်းအုပ်စုတို့မှ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင် (၂၀)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

သင်တန်းဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နှာခေါင်းစည်း Mask  တပ်ဆင် စေခြင်း၊  ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လက်ဆေးဘေစင်တွင် လက်စနစ်တကျ ဆေးစေခြင်း၊ တစ်ဦးနှင့်တစ်ဦး အကွာအဝေး  သတ်မှတ်ထိုင်စေခြင်း စသည့် အချက်များနှင့်အညီ သင်တန်းဖွင့်လှစ်ပို့ချခဲ့ကြောင်း ကျန်ရှိနေသော ရပ်ကွက်/ကျေးရွာ အုပ်စုများရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များကိုလည်း စက်တင်ဘာ(၁၈)ရက်နေ့အထိ သင်တန်းပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးမိုး(ပြန်/ဆက်)