ဖောင်းပြင် စက်တင်ဘာ ၂၇
ကျေးလက်နေပြည်သူများအား လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွှမ်းပါးမှုလျှော့ချစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားသော စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်ရန် နိုင်ငံတော်မှ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး အရင်းမပျောက်လည်ပတ်ရန်ပုံ ငွေများကို ထုတ်ချေးပေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပိုးစာကုန်းကျေးရွာမှ ဒေသခံတစ်ဦးက အဆိုပါစီမံကိန်းဖြင့် ဒေသဝက်များ တစ်နိုင်တစ်ပိုင်မွေးမြူထားရှိသည်။
ထိုသို့မွေးမြူရေးလုပ်ကိုင်ခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေရရှိနေပြီး ဝက်များထံမှစွန့်ပစ် ပစ္စည်းဖြစ်သည့် ဝက်ချီးများကို မြေဩဇာအဖြစ်အသုံးပြုကာ စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်ပင်များမှာလည်း ဖြစ်ထွန်းကာ မိသားစုဝင်ငွေရရှိနေကြောင်း ဝက်မွေးမြူရေးလုပ်ကိုင်သူထံမှ သိရသည်။
မွေးမြူသည့်ကာလ ၇လအတွင်း ရောင်းချနိုင်သည့်အရွယ်သို့ ရောက်ရှိနေပြီး ဆက်လက်မွေးမြူထားမည်ဆိုပါက အမြတ်ငွေပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊ ဝက်မွေးမြူရေးကို ၈လဖြတ်ဝန်းကျင်တွင် တစ်ကြိမ်နှုန်းဖြင့် စဉ်ဆက်မပြတ် မွေးမြူလျက်ရှိကြောင်း၊ လက်ရှိကာလပေါက်ဈေးနှုန်းအနေဖြင့် ဝက်သားတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်နှုန်းဖြင့် အကောင်လိုက်ရောင်းချရပြီး အသားသတ်လိုင်စင်များမှ ကွင်းဆင်းဝယ်ယူလျက်ရှိကာ ဝက်မွေးမြူရေးလုပ်ကိုင်ရာတွင် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကိုထွန်း(ဖောင်းပြင်)