မယ်စဲ့ စက်တင်ဘာ ၂၇
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်၌ ယမန်နေ့ညနေ ၃ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဟွေပိုပီးချောင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ပြီး နေအိမ်လေးလုံး ရေနစ်မြှပ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ညနေ ၃ နာရီခန့်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မယ်စဲ့ရေစုကန် ရေပိုလွှဲမှတစ်ဆင့် ဟွေပိုပီးချောင်းထဲသို့ ရေများကျော်ကျရာ ချောင်းရေကြီးရေလျှံမှု ဖြစ်ပွားသဖြင့် ချောင်းနံဘေးရှိ နေအိမ်လေးလုံး ရေဝင်နစ်မြှမ်ခဲ့သည်။ ရေနစ်မြှပ်မှုကြောင့် ဦးသန်းမောင်နေအိမ်မှ စိုက်ပျိုးရန်ထားရှိသော မျိုးကြက်သွန်ဖြူ ကီလို ၃၀၀ နှင့် သစ်ခွဲသားဆိုဒ်စုံ ၁ တန်ခန့် ရေနှင့်မျောပါ ဆုံးရှုံးခဲ့ပြီး လူနှင့်တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
ချောင်းရေကြီးမှုကြောင့် သီရိမင်္ဂလာရတနာသုခ (မြို့မ) ဘုန်းတော်ကြီးကျောင်းရှေ့ကားလမ်း ရေကျော်ရာ ကျောင်းဆင်းချိန် ကျောင်းသား၊ ကျောင်းသူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းလတ်၏ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ပိုင် မော်တော်ယာဉ်နှင့် ဒေသခံပြည်သူများ၏ မော်တော်ယာဉ်တို့ဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများနှင့် လမ်းသွားလမ်းလာပြည်သူများအား ကူညီပို့ဆောင်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းလတ်နှင့် မြို့မိမြို့ဖတို့က မယ်စဲ့ရေစုကန် ရေကျော်မှုမဖြစ်ပွားစေရေးအတွက် သဲအိတ်များကာရန်ရန် ကြိုတင်ပြင်ဆင်နေမှုနှင့် မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် တောင်ကျရေနှင့်အတူ ပါလာသည့် ကျောက်စရစ်ခဲများ၊ သဲနုန်းများ တင်ကျနေမှုအား ရှင်းလင်းဆောင်ရွက်ခြင်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေနစ်မြှပ်ခဲ့သည့် အိမ်ထောင်စုလေးစုအား ၎င်းတို့၏ ဆွေမျိုးများနေအိမ်တွင် တည်းခိုနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(မယ်စဲ့)