စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေးအတွက် သက်တမ်းလွန်ဆေးများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ဂန့်ဂေါ စက်တင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ ဗိုလ်ချုပ်လမ်းပေါ်ရှိ ဆေးဆိုင်များ၌ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေးအတွက် ဆေးဆိုင်များတွင်ရောင်းချသည့်ပစ္စည်းများအား စားသုံးသူရေးရာဦးစီးဌာန ဂန့်ဂေါမြို့နယ်တာဝန်ခံ ဒေါ်ဇာဇာချိုဦး ဦးဆောင်၍ ယမန်နေ့နံနက် ၉ နာရီ က သက်တမ်းလွန်ဆေးများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးကြသည်။

ထိုသို့သွားရောက်စစ်ဆေးရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် အသုံးပြုလျက်ရှိသော ဆေးဝါးနှင့်ဆေးပစ္စည်းများအား အဆမတန်ဈေးနှုန်းမြင့်မားစွာ ရောင်းချခြင်း မရှိစေရေး၊ ရောင်းချခြင်း မရှိဘဲ သိုလှောင်ထားခြင်း၊ ကန့်သတ်ဆေးပစ္စည်းများအား ရောင်းချနေခြင်း၊ ဆေးဝါးပြတ်လပ်မှု မရှိစေရေး၊ သက်တမ်းလွန်ဆေးများ ရောင်းချနေခြင်းများမရှိစေရန် ဆိုင်တာဝန်ခံများအား အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ခရိုင်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ပူးပေါင်းပါဝင်ကြကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)