ဘိုကလေး-ဖျာပုံကားလမ်းရှိ မစိမ်းတံတားအား ကြမ်းခင်းလဲလှယ်ပြုပြင် ဆောင်ရွက်မည်

ဘိုကလေး စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဟိုင်းစီကျေးရွာအုပ်စု၊ မစိမ်းကျေးရွာအနီးရှိ ဖျာပုံ-ဘိုကလေး ကားလမ်း၊ မိုင်တိုင်အမှတ် (၁၄/၂) တွင် တည်ရှိသည့် အရှည် (၅၀)ပေ၊ ဘေလီသံဘောင်  အမျိုးအစား မစိမ်းတံတားသည် အောက်ခံကြမ်းခင်းများ ပျက်စီးနေသဖြင့် ကြမ်းခင်းအစားထိုးခြင်း လုပ်ငန်းအား စက်တင်ဘာ (၁၇) ရက်နှင့် စက်တင်ဘာ (၁၈)ရက်တို့တွင် လူအသွားအလာ နည်းပါးသည့် ည (၉)နာရီမှ နံနက် (၆) နာရီထိ မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်နေချိန်တွင် ကားကြီး၊ ကားလေးများ ဖြတ်သန်းသွားလာခွင့်အား ခေတ္တပိတ်ထားမည်ဖြစ်ပြီး မော်တော်ဆိုင်ကယ်များသာ ဖြတ်သန်းသွားနိုင်မည်ဖြစ်ကြောင်း၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် တံတား၏ တစ်ဖက်တစ်ချက်တွင် ကတ္တရာပေပါခွံ၊ ရောင်ပြန် ဆိုင်းဘုတ်များဖြင့် ကာရံသွားမည်ဖြစ်ကြောင်း  မြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။

မိုးစက် (ဘိုကလေး)