အုတ်တွင်း စက်တင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေး Mask Campaign ပြုလုပ်ခြင်းကို ရန်ကုန်-မန္တလေးသွားလမ်း၊ အုတ်တွင်းမြို့အထွက် ဟင်းငုပ်ပင်ဂိတ်နေရာ၌ ယနေ့နံနက်ပိုင်းက အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီ၏ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကာကွယ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့သွားလာပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ရန်၊ လက်ကိုမကြာခဏဆေးကြောရန်နှင့် တစ်ဦးနှင့်တစ်ဦးခပ် ခွာခွာနေထိုင်ရန်တို့ကို အသိပညာပေး ပြောကြားခဲ့ကြောင်းသိရသည်။
အုတ်တွင်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များကို ဆက်လက်လိုက်နာဆောင်ရွက်ရန်လိုအပ်သည့်အတွက် လူစည်ကားရာနေရာများတွင် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)