လွိုင်ကော် စက်တင်ဘာ ၂၆
ကယားပြည်နယ် စားသုံးသူရေးရာကော်မတီ(၄/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ် စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစောဟူးဟူးက အဖွင့်အမှာစကားပြောကြားရာတွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းကာ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ပြည်နယ်၊ ခရိုင်၊ မြို့နယ်အသီးသီးတွင် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်အတွင်းတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့်ပတ်သက်၍ ကိုက်ညီမှုမရှိသည့်ကုန်စည်များ ရောင်းချနေသော စီးပွားလုပ်ငန်းရှင်များကို ကော်မတီအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေများပါ ပြဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားကြရမည်ဖြစ်ကြောင်း၊ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရေးနှင့် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့်ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ပြည်နယ်အတွင်းရှိ စားသုံးသူမိဘပြည်သူများသည် စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို သိရှိနားလည်မှသာ တောင်းဆိုရယူတတ်မှုများ၊ နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်းသည့် အခွင့်အရေးများကို ကောင်းမွန်စွာအသုံးချနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက်ပြည်နယ်စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်က(၄/၂၀၂၂)အစည်းအဝေးတွင်တင်ပြသည့် အမှာစာများအား ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌက ကော်မတီအဖွဲ့ဝင်များ၏ ဆွေးနွေးတင်ပြမှုအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)