မုံရွာခရိုင်အတွင်း မုံရွာမြို့၊ ဘုတလင်မြို့တို့၌ တန်ဖိုးသင့် စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ  ရောင်းချပေး

မုံရွာ စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်စီစဉ်မှု၊ မုံရွာခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ကြီးကြပ်မှုနှင့်အတူ မုံရွာမြို့နယ် တန်ဖိုးသင့် စားသောက်ကုန် ရောင်းချရေးအဖွဲ့မှ ဒေသခံပြည်သူများ သက်သာချောင်ချိရေးအတွက် တန်ဖိုးသင့်စားသောက်ကုန်များကို အရောင်းဆိုင် ရွေ့လျားယာဉ်ဖြင့်နေ့စဉ်ရောင်းချပေးလျက်ရှိရာ စက်တင်ဘာ လ ၂၃ ရက်နေ့ နံနက်  ၉ နာရီခွဲ အချိန်က မုံရွာမြို့​ရန်ကင်းရပ်ကွက်​​ ​​အောင်မဟာလမ်း၌ အိမ်ထောင်စုပေါင်း ၃၀၀ ကို ရောင်းချပေးနိုင်ခဲ့ကြကြောင်း သိရသည်။

မုံရွာမြို့နယ် တန်ဖိုးသင့်စားသောက်ကုန် ရောင်းချရေးအဖွဲ့အနေဖြင့် အိမ်ထောင်စုတစ်စုအတွက် ဆန်တစ်ပြီ၊ ဆီ တစ်ဆယ်ကျပ်သား၊ ကြက်သွန်နီ အစိတ်သား၊ အာလူးအစိတ်သားပါ ( ၄ )မျိုးအတွက် စုစုပေါင်း ကျသင့်ငွေကျပ်  ၃၀၀၀ နှုန်းဖြင့် ဒေသခံများ သက်သာချောင်ချိရေး ရောင်းချပေးလျက်ရှိရာ တနေ့လျှင် အိမ်ထောင်စုပေါင်း ၃၀၀ ကို နေ့စဉ်ရောင်းပေးလျက်ရှိကြောင်းသိရပြီး အခြားသော မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်ရောင်းချပေး သွားမည်ဖြစ်ကြောင်း မုံရွာမြို့နယ် တန်ဖိုးသင့်စားသောက်ကုန်များ ရောင်းချရေးအဖွဲ့ထံမှ သိရသည်။

အလားတူ မုံရွာခရိုင် ဘုတလင်မြို့တွင် အ‌ခြေခံစားသောက်ကုန်များကို နေ့စဉ်လှည့်လည်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဘုတလင်မြို့၊ မြို့မ(၃)ရပ်ကွက်တွင် လူတစ်ဦးလျှင် ဆန် (၁)ပြည်၊ ဆီ ၁၀ကျပ်သား၊ ကြက်ဥ (၅)လုံးနှုန်းဖြင့် (၃)မျိုးလျှင်  ၃၀၀၀ ကျပ်ဖြင့် ရောင်းချပေးခဲ့‌ကြောင်း သိရသည်။

တန်ဖိုးသင့် စားသောက်ကုန်များ စနစ်တကျရောင်းချခြင်းများကို ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက လိုက်လံကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 ခရိုင်(ပြန်/ဆက်)