ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ သတိပေးနှိုးဆော်မှုနှင့် နှာခေါင်းစည်း(Mask)များ၊  လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

လွိုင်ကော်  စက်တင်ဘာ   ၂၆

နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော် မြို့နယ်အတွင်း ကိုဗစ်-၁၉ အိုမီခရွန် မျိုးရိုးဗီဇပြောင်း BA-4 ၊ BA-5 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ သတိပေးနှိုးဆော်မှုနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က လွိုင်ကော်မြို့သီရိမင်္ဂလာဈေး၌ ပြုလုပ်ခဲ့သည်။

အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ  ဦးမျိုးကျော်နှင့် ကော်မတီအဖွဲ့ဝင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ “အပြင်ထွက်ပါကနှာခေါင်းစည်း(Mask)များကို တပ်ဆင်ကြရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ သွားလာနေထိုင်ကြရန်နှင့် တစ်ဦးတစ်ယောက်ချင်းစီအလိုက် မိမိတို့၏ကျန်းမာရေး အသိစိတ်များနှင့်အညီ ရောဂါကူးစက်မှုမရှိရေး သတိပြုနေထိုင်ကြရန်” အစရှိသည့် ကျန်းမာရေးဝန်ကြီးဌာန၏ သတိပေးနှိုးဆော်မှုများကို Hand Speaker ဖြင့် အသိပေးနှိုးဆော်ခဲ့ပြီး လမ်းသွားလမ်းလာနှင့် ဈေးသွားဈေးလာ ပြည်သူများကို နှာခေါင်းစည်း(Mask)များအခမဲ့ဖြန့် ဝေပေးခဲ့ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ သတိပေးနှိုးဆော်မှုများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဇင်(လွိုင်ကော်)