ပခုက္ကူ စက်တင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ဒေသတွင်းစားသုံးဆီဖူလုံမှုရရှိစေရေးအတွက် ၂၀၂၂-၂၀၂၃ခုနှစ်အတွင်း ဆောင်းနေကြာစိုက်ခင်းဧကပေါင်း တစ်သောင်းငါးထောင်ကျော် တိုးချဲ့စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
ပခုက္ကူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ခုနှစ်၌ ဆီထွက်သီးနှံဆောင်းနေကြာစိုက်ခင်းဧကပေါင်း (၁၅၃၅၀)ဧကစိုက်ပျိုးရန် လျာထားကြောင်း၊ ဆီထွက်သီးနှံအနေဖြင့် ဆင်းရွှေနေကြာ-၂နှင့် ရေဆင်းစပ်မျိုးအပါအဝင် ဆောင်းနေကြာမျိုးများဖြစ်ပြီး ကျေးရွာအုပ်စု(၃၆)အုပ်စု၊ ကျေးရွာပေါင်း(၉၄)ရွာမှ တောင်သူဦးရေ (၉၃၉၈)ဦးတို့က စိုက်ပျိုးကြမည်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံစိုက်ပျိုး မည့်တောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနမှ မြေအမျိုးအစားများအပေါ်မူတည်ပြီး နေကြာမျိုးများထောက်ပံ့ပေးအပ်ပြီး နိုင်ငံတော်ကလည်း ဓာတ်မြေဩဇာများဝယ်ယူရာတွင် စက်ရုံမှထွက်ရှိသည့် ဈေးနှုန်းအတိုင်း ဝယ်ယူရရှိစေရေးတို့အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့နယ်အနေဖြင့် ဒေသတွင်းစားသုံးဆီဖူလုံစွာရရှိရေးအတွက် စာသုံးဆီနေကြာမျိုးအပါအဝင် အခြားဆီထွက်သီးနှံ(၈၂)ဧကကိုလည်း မြေအမျိုးအစားပေါ်မူတည်ကာ ခွဲခြားစိုက်ပျိုးထားရှိကြောင်း ပခုက္ကူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစန်းလွင်ထံက သိရသည်။
ဘာမီသာ(ပခုက္ကူ)