လွိုင်ကော် စက်တင်ဘာ ၁၆
ကယားပြည်နယ် ၊ လောပိတမြို့အတွင်းသို့ ဝင်/ထွက် သွားလာသည့် မော်တော်ကား၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်တို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သည့် အနေဖြင့် ယနေ့နံနက်ပိုင်းမှ စတင်ကာ လောပိတမြို့၊ လောကထု ကွက်သစ်ရပ်ကွက် ၊ (၁၀)မိုင်ဂိတ်၌ ကျန်းမာရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် လောပိတမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်အောင် ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းပါဝင်သည့် အဖွဲ့တို့က မြို့အတွင်းသို့ ဝင်/ထွက် သွားလာသည့် မော်တော်ကားများ၊ သုံးဘီးဆိုင်ကယ်များ၊ ဆိုင်ကယ်များအား ရပ်တန့်ကာ ခရီးသွားမှတ်တမ်းယူခြင်း၊ ကားနံပါတ်၊ ဖုန်းနံပါတ်မှတ်တမ်းယူခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်းနှင့် နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်စေခြင်းစသည့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးခြင်းများကို စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ နေ့စဉ် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)