ငွေဆောင် စက်တင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က ငွေဆောင်တွင် အလှူရှင်ဦးရဲသူရ (တောင်ကြီးမြို့)မှ ကျောင်းအတွက် လှူဒါန်းထားသော (၁၀,၀၀၀,၀၀၀)သိန်းတစ်ရာကျပ် တန်ဖိုးရှိသော Computer, Printer နှင့် စာကြည့်တိုက်သုံးဗီရိုများ၊ စာအုပ်များနှင့် အခြားပစ္စည်းများ ပေးအပ်လှူဒါန်းသော အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်တွင် အ.ထ.က ငွေဆောင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေမီသိန်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းကော်မတီအဖွဲ့ဝင်များ၊ မြို့ရပ်မိရပ်ဖများနှင့် အလှူရှင်ဦးရဲသူရ (တောင်ကြီးမြို့) ကိုယ်စား ဒေါ်ချိုချိုမင်းတို့ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေမီသိန်းမှ ကျောင်းအတွက် လှူဒါန်းမှုနှင့်ပက်သက်၍ အဖွင့်အမှာစကားနှင့် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက်ကျောင်းကော်မတီဝင် ဦးမြင့်ထွေး၊ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် ကျောင်းဆရာ၊ ဆရာမများကိုယ်စား ဆရာကြီးဦးမြင့်သိန်းတို့မှ ကျောင်းအတွက် လှူဒါန်းမှုနှင့်ပက်သက်၍ ကျေးဇူးတင်စကားနှင့် ကျောင်းအတွက် မည်ကဲ့သို့အကျိုးရှိစွာ အသုံးချသွားမည်၊ မပျောက်မပျက်အောင် မည်ကဲ့သို့ ထိန်းသိမ်းသွားမည်တို့ကို တစ်ယောက်ချင်းစီ အသီးသီး ပြောကြားခဲ့ကြပါသည်။ အလှူရှင်ဦးရဲသူရ (တောင်ကြီးမြို့) ကိုယ်စားလာတက်ရောက်သော ဒေါ်ချိုချိုမင်းမှလည်း အလှူရှင်ကိုယ်စား ဝမ်းသာပီတိစကား ပြောကြားပြီး လှူဒါန်းပစ္စည်းများကို ကျောင်းအုပ်ဆရာမကြီး ဒေါ်အေမီသိန်းလက်ထဲသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ကျော်လင်းဦး ( ပြန်/ဆက်)