ဒေးဒရဲ စက်တင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရုံး Community Centre ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ စာဖတိရှိန်မြှင့်တင်ရေး၊ လူငယ်များစာပေဖတ်ရှုမှု အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာလုံးပေါင်းသတ်ပုံ မှန်ကန်မှုရှိစေရန် ရည်ရွယ်၍ အခြေခံပညာမူလတန်းအဆင့် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသားလူငယ်များ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးနှင့် စာဖတ်စွမ်းရည် တိုးတက်လာစေရန် ရည်ရွယ်၍ လူငယ်နှင့်စာပေ ခေါင်းစဥ်ဖြင့် ဟောပြောခဲ့သည်။ ထို့နောက် အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများက စာဖတ်စွမ်းရည်ပြိုင်ပွဲကို စာရေးဆရာ ဝင်းဖေ(အဖျောက်) ရေးသားသည့် ဇွဲမလျော့စတမ်းနှင့် စာရေးဆရာ နေခြည်ရေးသားသည့် ထာဝရသူငယ်ချင်းဖြစ်ကြစို့ စသည့် စာအုပ်များဖြင့် အသီးသီး ပါဝင်ယှဥ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အပန်းပြေ ပျော်ရွှင်စေရေးအတွက် မိုနိုပိုလီပြိုင်ပွဲနှင့် ဒိုးဇက်ပြိုင်ပွဲများကို ဆင်နွှဲခဲ့ကြပြီး၊ မြို့နယ်ရုံးက ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်စာစောင်များကို ပြိုင်ပွဲသို့ တက်ရောက်လာသော ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
အေဇာလင်း