ထားဝယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများဆောင်ရွက်

ထားဝယ်  စက်တင်ဘာ ၂၆

နင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု စတင်တွေ့ရှိလာပြီ ဖြစ်သောကြောင့် ကိုဗစ်ရောဂါပိုး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ အာဇာနည်လမ်း၊ စည်ပင်သာယာစျေးကြီး အရှေ့ဘက်တွင် ခရီးသွားလာအများ ပြည်သူများအား ထားဝယ်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ထားဝယ်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးကိုကိုနိုင်နှင့် အဖွဲ့များက ထားဝယ်မြို့အတွင်းရှိ ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန် လူစုလူဝေးသွားလာနေထိုင်ခြင်းမှ ရှောင်ကြဉ်ကြရန်၊ လေဝင်လေထွက် မကောင်းသောအခန်းများကိုရှောင်၍ မိမိတို့နေအိမ်များကို ပြူတင်းတံခါးများဖွင့်ပြီး လေဝင် လေထွက်ရှိအောင်ပြုလုပ်ကြပါရန်၊ အရာဝတ္ထုများကို ကိုင်တွယ်ပြီးသည့်အခါတိုင်း လက်ကို မကြာခဏဆေးကြောသန့်စင်ပါ၊ အသက်ရွယ်ကြီးရင့်သူများနှင့်အတူ မျက်နှာချင်းဆိုင် စားသောက်ခြင်း၊ စကားပြောဆိုခြင်းများကို တက်နိုင်သမျှရှောင်ကြဉ်ပါ၊ ကိုဗစ်-၁၉ ကာကွယ် ဆေးများကို အကြိမ်ပြည့်ထိုးနှံပြီး ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံကြရန်၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းအားဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှု၊ သေဆုံးမှုတို့ကို လျော့ချပေးနိုင်သည့်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို အကြိမ်ပြည့်ထိုးနှံကြရန်၊ ပါးစပ် နှင့် နှာခေါင်းစည်း Mask များကို စနစ်တကျစွန့်ပစ်ရန်၊ ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်လာပါက နီးပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြား၍ ဆေးကုသမှု ခံယူပါရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြပါရန် လိုက်လံနှိုးဆော်ပေးခဲ့ကြသည်။

ဆက်လက်၍ ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက လူတိုင်းကိုနှာခေါင်းစည်း Mask တပ်စေလိုသောအားဖြင့် ခရီးသွားလာ အများပြည်သူများအား နှာခေါင်းစည်း Mask နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်စေရန် ဆောင်ရန်/ ရှောင်ရန်အချက်များပါရှိသည့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

ရွှေပင်လယ်(ထားဝယ်)