မြောင်းမြ စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲ ဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းကို ယနေ့ နံနက် ၉ နာရီက အ.ထ.က(၁) ကျောင်း၌ ကျင်းပသည်။
အဆိုပါ သင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းမောင်နှင့် အဖွဲ့ဝင်များက ရွေးကောက်ပွဲအတွက် ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် တာဝန်ယူဆောင်ရွက်မည့် ကော်မရှင်အဖွဲ့ခွဲဝင်များအား ရွေးကောက်ပွဲကော်မရှင် လုပ်ငန်း တာဝန်နှင့် လုပ်ပိုင်ခွင့်၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်း ဖြည့်စွက်ခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း ရလဒ်များ ထုတ်ပြန်ခြင်း၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ ဆောင်ရန်၊ ရှောင်ရန် အချက်များ၊ ဥပဒေနှင့် နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်များ၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ အငြင်းပွားမှု ဖြေရှင်းခြင်း၊ စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းခြင်း၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်များ လိုက်နာရမည့် ကျင့်ဝတ်နှင့် စုဝေးဟောပြောခြင်း၊ မဲဆွယ်စည်းရုံးခွင့်၊ မဲဆန္ဒရှင် အသိပညာပေးခြင်း စသည့် အခြေခံကြသည့် လုပ်ငန်းစဉ်များအား တာဝန်ရှိသူများက သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် သင်တန်းပို့ချခဲ့ကြောင်း သိရသည်။
သင်တန်းသို့ မြောင်းမြမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာ (၁၁၄)အုပ်စုမှ ကော်မရှင်အဖွဲ့ခွဲဝင် (၂)ဦးနှုန်းဖြင့် ကိုဗစ်-၁၉ ကာလတွင် လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အား လိုက်နာ၍ သင်တန်းအား နံနက်(၉)နာရီမှ (၁၂)နာရီအထိ (၆)နေရာခွဲကာ တစ်ခန်းလျှင် (၃၀)ဦး တက်ရောက် သင်ကြားလျက်ရှိပြီး သင်တန်း ကာလမှာ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၃ ရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ကေခိုင်စိုး(မြောင်းမြ)